မောင်တောမြို့နယ် ဝေသာလီရွာ မီးရှို့ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး
2024.05.07

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီရွာကို မေလ ၆ ရက်နေ့ မနေ့ညက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကိုပါ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ထွက်ပြေးချိန်မှာ အပစ်ခံရတာလို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညအချိန် ရွာထဲကို သူတို့ဝင်လာတာ။ စစ်ကောင်စီတပ်သားတွေလည်းပါတယ်။ မွတ်စလင် တပ်သားတွေလည်း ပါတယ်။ ရွာထဲကို သေနတ်ဖောက်ပြီးဝင်တော့ ရွာသားတွေ ထွက်ပြေးကြတာပေါ့။ လူကို ရှာမတွေ့ တော့ အိမ်ကို မီးရှို့သွားတာ။ အိမ်ဆယ်လုံးကျော် မီးလောင်သွားတယ်။ မိန်းမတစ်ယောက်လည်း ထွက်ပြေးနေတုန်း သေနတ်ပစ်ခံရလို့ သေသွားတယ်”
သေဆုံးသွားသူဟာ ဝေသာလီရွာခံ ဦးအဝိုင်ချေရဲ့ အမျိုးသမီးဖြစ်ပြီး အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနဲ့ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ အဲဒီတပ်ရင်းမှာ သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေက ဝင်ရောက်မီးရှို့သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေခုနစ်ဆယ်ကျော်ရှိတဲ့ ဝေသာလီရွာက ဒေသခံတွေကတော့ မနေ့ညကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရိုဟင်ဂျာတွေ ရွာကို ဝင်ရောက်မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မောင်တောမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်တဲ့နေရာဖြစ်ပြီး မောင်တောက အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ် (၁) ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်ကို (AA) က သိမ်းပိုက်ထားပါတယ်။