သံတွဲနဲ့ မောင်တောက နောက်ထပ် စစ်တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်

RFA Burmese
2024.07.11
သံတွဲနဲ့ မောင်တောက နောက်ထပ် စစ်တပ်စခန်းနှစ်ခုကို AA သိမ်းပိုက် ရခိုင်ပြည်နယ်၊ မောင်တောရှိ မကျည်းချောင်း (မကျီးချောင်း) စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံ။
Photo: AA Infodesk

ရခိုင်ပြည်နယ် သံတွဲနဲ့ မောင်တောမြို့နယ်နှစ်ခုက နောက်ထပ် စစ်ကောင်စီတပ်စခန်းနှစ်ကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သံတွဲမြို့နယ်က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေထဲမှာ လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကို ဇူလိုင်လ ၉ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခမရ (၅၆၆) ကိုလည်း ဇွန်လ ၂၇ ရက်နေ့က သိမ်းယူခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ စစ်ကူလာတဲ့ တပ်သားတွေဟာ သံတွဲမြို့နဲ့ အနီးဝန်းကျင်မှာ ခုခံခဲ့တယ်လို့ ရေးသားထားပါတယ်။ သံတွဲမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

အလားတူ မောင်တော၊ နခခ (၅) ရဲ့ အနီးမှာရှိတဲ့ မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကိုလည်း ဇူလိုင်လ ၁၁ ရက်မနက်က သိမ်းယူခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ သုံ့ပန်းတချို့ကို ဖမ်းမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီမကျည်းချောင်း စခန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်တွေ ဒကစလက်အောက်ခံ ခလရ (၂၆၃) တပ်ရင်းနဲ့ အခြားစစ်စခန်းတချို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်ရဲတွေ ပါဝင်ပြီး အယောက် ၃၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း မောင်တောမြို့ မဆုံးရှုံးရဖို့အတွက် မြို့တွင်းကနေ ခံစစ်စခန်းတွေနဲ့ ခုခံနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။