ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင်မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖု့ိ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ဒီဒေသန္တရအမိန့် ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ သဘောထားကို ဦးဝင်းမြိုင်က အခုလို ပြောကြားပါတယ်။
"အမှန်ကတော့ ဒီသတင်းထုတ်ဖို့က အခုမှစီစဉ်တုန်းပဲရှိသေးတယ်၊ အပြင်ကိုထုတ်ပြန်ထားတာတော့ မရှိသေးဘူး၊ တကယ်တမ်းထုတ်လို့ရှိရင် ဒေသန္တရဆိုတာလည်း သူ့အမိန့်သူ့ဘာသာသူ ထုတ်လို့ရတယ်၊ ပြည်နယ်အစိုးရကိုလည်း တင်ပြစရာမလိုဘူး၊ ထုတ်ပြီးရင်တော့ ပြည်နယ်အစိုးရကို တင်ပြလို့ရတယ်ပေါ့၊ ပြည်နယ်နဲ့ နိုင်ငံလုံခြုံရေးအတွက်ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင်တော့လည်း သူ့ဥပဒေသူ ထုတ်နိုင်စရာအကြောင်းရှိတယ်ပေါ့၊ အခုချိန်မှာတော့ ဘာမှတော့မလုပ်သေးပါဘူး"
အဲဒီအမိန့်ကို အတည်ပြုထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေဆဲအချိန်မှာပဲ ဝန်ထမ်းတစ်ချို့ကနေတဆင့် ပေါက်ကြားမှုကြောင့် အခုလိုသတင်းတွေ ပြန့်သွားရတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။ အဲဒီဒေသန္တရအမိန့်အပေါ် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ မကြားသေးခင်ရက်ပိုင်းက စစ်တွေ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ လူဦးရေထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။
ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဒီဒေသန္တရအမိန့်ဟာ လက်ရှိမှာ တရားဝင်အတည်ပြုထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။