မတူပီမြို့ အဝင်အထွက်လမ်းတွေကို စစ်ကောင်စီတပ် ပြန်ဖွင့်

2022.10.10
မတူပီမြို့ အဝင်အထွက်လမ်းတွေကို စစ်ကောင်စီတပ် ပြန်ဖွင့် ချင်းပြည်နယ် မတူပီမြို့ကို တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ပိတ်ထားတဲ့ မြို့အဝင်အထွက်ကို အောက်တိုဘာ ၈ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတူပီမြို့အဝင် မတူပီ - ပလက်ဝလမ်း၊ မတူပီ - ဟားခါးလမ်း၊ မတူပီ - မင်းတပ်လမ်း စတဲ့ လမ်းသုံးလမ်းမှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး အသွားအလာတွေကို ပိတ်ဆို့စစ်ဆေးခဲ့တာ ကြောင့် မတူပီမြို့ကို စားသောက်ကုန် အပါအဝင် မည်သည့်ပစ္စည်းမှ တင်ပို့မရတာ သုံးပတ် နီးပါးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မတူပီမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ မတူပီ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေ ကို ပိတ်ထားခဲ့တာဖြစ်သလို ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်ပါ ကန့်သတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကစပြီး မတူပီမြို့ အ၀င်အထွက် ပြန်သွားလာလို့ရပြီး ဂန့်ဂေါနယ် ဘက်က ကုန်ကားတွေလည်း ၀င်လာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

"အသွားအလာတွေကို ပြန်ဖွင့်လိုက်ပြီ။ ဒါပေမဲ့ ဂိတ်တွေမှာ စစ်တာတွေ ရှိသေးတယ်။ ကုန်ကားတွေလည်း မတူပီမြို့ထဲကို ၀င်လာကြပြီ"

ဒါပေမဲ့ ချင်းပြည်နယ် မတူပီမြို့ ပတ်လည်မှာ စစ်ကောင်စီတပ်က အလံနီထောင်ထားတာ ဆက်ရှိနေသေးသလို လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း မကြာခဏ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့အဝင်အထွက်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ စားသောက်ကုန် ပြတ်လပ်မှာကို စိုးရိမ်နေတဲ့အကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ RFA သတင်းဌာနက သတင်း ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း အခုလို ပြန်ဖွင့်ပေးတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။