သဲကုန်းမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်

0:00 / 0:00

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ အသိမ်းခံလယ်တွေပြန်ရရေး တောင်းဆိုရာကနေ တရားစွဲခံထားရတဲ့ လယ်သမားတွေထဲက ကိုပေါက်စဆိုသူကို သဲကုန်းမြို့နယ် တရားသူကြီးက အာမခံမပေးပဲ မနေ့က ပေါင်းတည်ထောင်ကို ပို့ခဲ့ရာကနေ မိသားစုဝင်တွေနဲ့ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြေရှင်းတဲ့အတွက် ကိုမာနော်ဆိုသူ အလွတ်သတင်းထောက်တစ်ဦး နဲ့ ဒေါ်ဝင်း ဆိုသူ လယ်သမားမိသားစုဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံတင်လိုက်ရတယ် လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လယ်သမားတွေကို ကူညီနေတဲ့ မဇင်မာက RFA ကိုအခုလိုပြောပါတယ်။

"ကိုပေါက်စက ပေါင်းတည်ထောင်ကို ပြောင်းမိန့်ကျတော့ ဒီလယ်သမားတွေနဲ့ အမျိုးသမီးတွေကနေပြီးတော့ သူတို့ပါလိုက်မယ်ဆိုပြီးတော့မှ ကိုပေါက်စကို အတူတူဆွဲတဲ့အခါ ရဲတွေကလည်းဘဲ ဒါကတော့ မဖြစ်နိုင်ဘူး တရားသူကြီး ဆုံးဖြတ်ထားတဲ့သူပဲ သူတို့ကသွင်းမှာဆိုပြီးတော့မှ ကိုပေါက်စကိုလုကြရင်းကနေပြီး ရဲတွေကနေပြီး ဆွဲရင်းလွဲရင်းကနေပြီး မာနော်ဆိုတဲ့ ခလေးတစ်ယောက်ကို ထိုးတယ်၊ သူက အလွတ်တန်း သတင်းထောက်လုပ်နေတာပေ့ါ၊ ထိုးတော့ကောင်လေးက အခုလောလောဆယ် ပေါင်းတည်ဆေးရုံမှာ တင်ထားရတယ်၊ နံရိုးအောင့်တယ်လို့ ပြောတယ်၊ ဒေါ်ဝင်းကိုတော့ ရဲတွေက တွန်းထုတ်ရာကနေပြီး ဒေါ်ဝင်းက နောက်ပြန်လန်ပြီးတော့လဲသွားတာ လောလောဆယ် သူ့မှာခေါင်းကို အထိခံလို့မရဘူး၊ ဆရာဝန်က ဓါတ်မှန်ရိုက်နေတယ်"

စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ရဖို့တောင်းဆိုနေတဲ့ လယ်သမားတွေထဲက ၄ ယောက်နဲ့ သူတို့ကို ကူညီနေတဲ့သူ ၁ ယောက်ကို ပုဒ်မ ၅ဝ၅ (ခ) ဆူပူအောင်လှုံ့ဆော်မှု၊ ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်ဆန္ဒပြမှုတွေနဲ့သက်ဆိုင်ရာက တရားစွဲထားတာပါ။ တရားစွဲခံထားရတဲ့ လယ်သမား ၄ ယောက်က ကိုပေါက်စ၊ မညို (ခေါ်) မဌေးဌေးညို၊ ဒေါ်မုန်း၊ ကိုကျော်သူတို့ဖြစ်ပြီး၊ သူတို့ကိုကူညီပေးလို့ တရားစွဲခံထားရသူက နတ္တလင်းမြို့က ကိုသန့်စင်ထက် ဆိုသူဖြစ်ပါတယ်။ မနေ့က ရုံးချိန်းကို ၃ ယောက်ပဲသွားနိုင်ခဲ့ပြီး အဲဒီထဲက ဒေါ်ဌေးဌေးညိုနဲ့ဒေါ်မုန်းတို့ကို အာမခံပေးလိုက်ပေမယ့်၊ ကိုပေါက်စကိုတော့ အာမခံမပေးပဲ ပေါင်းတည်ထောင်ကို ပို့ဖို့စီစဉ်ခဲ့ရာကနေ အဲဒီလို ပို့ဆောင်ခြင်းမပြုဖို့ တားဆီးသူတွေနဲ့ အာဏာပိုင်တွေအကြား ပဋိပက္ခဖြစ်ခဲ့တာပါ။

အဲဒီ လယ်သမားတွေဟာ ဖေဖေါ်ဝါရီလက သဲကုန်းမြို့မှာသပိတ်စခန်းဖွင့်ပြီး လယ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအချိန်ကလဲ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းပြီး သဲကုန်းမြို့ကနေ နှင်ထုတ်လိုက်တဲ့အပြင် ပုဒ်မ ၁၈ နဲ့တရားစွဲလိုက်တဲ့အတွက် သူတို့နေထိုင်တဲ့ အောင်ကုန်းရွာမှာပဲပြန်ပြီး လက်ရှိကာလထိ သပိတ်စခန်းဖွင့် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြင်္ကန် မတိုင်ခင်ကတော့ လယ်သမားတွေက ကျိန်စာတိုက်တယ်ဆိုပြီး အဓမ္မလယ်သိမ်းတာကို ဆန့်ကျင်ခဲ့ကြတဲ့အတွက် ပုဒ်မ ၅ဝ၅(ခ)နဲ့ ထပ်မံတရားစွဲခံလိုက်ရပါတယ်။

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ ရွာက လယ်မြေဧက ၅ ထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က စစ်တပ်ရန်ပုံငွေ အတွက် ဆိုပြီး လွန်ခဲ့တဲ့ ၂ဝဝဝ ခုနှစ်ကသိမ်းဆည်းခဲ့တာလို့ လယ်သမားတွေက ပြောကြပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ လယ်သမားတွေကိုကူညီနေတဲ့ ပြည်မြို့က မဇင်မာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါတယ်။