Master Card ကို ပထမဆုံး မြန်မာနိုင်ငံမှာ စတင်သုံးနေပြီ

နိုင်ငံတကာ ငွေပေးချေရေးကဒ်ဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် CB Bank ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဌနဲ့ CB Bank ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်စားလှယ်အဖြစ် CB ဘဏ်က ဆောင်ရွက်နေတာဖြစ်ပြီး  လာမယ့် ၂၀၁၃ ခုနှစ်မှာတော့ CB Bank တံဆိပ်နဲ့ နိုင်ငံတကာမှာပါ အသုံးပြုလို့ရမယ့် Master Card ကို ထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ CB Bank ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃ ရက်နေ့ထိ Master Card နဲ့ မြန်မာငွေထုတ်ယူ သုံးစွဲသူ ၆၁၈ ဦးရှိပြီး ထုတ်ပေးပြီးဖြစ်တဲ့ မြန်မာငွေမှာ သိန်းပေါင်း ၉၆၀ ရှိပြီလို့ သိရပါတယ်။

CB Bank ရဲ့ ATM စက်တွေကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ပြင်ဦးလွင်၊ မော်လမြိုင်နဲ့ ရန်ကုန်လေဆိပ်တို့မှာ တပ်ဆင်ပြီး ဖြစ်သလို  နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေထိုင်တဲ့ ဟိုတယ် တွေမှာလည်း တပ်ဆင်နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံဧည့်ခံပွဲမှာ အာရှပစိဖိတ်ဒေသဆိုင်ရာ မာစတာကဒ် ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org