စိုက်ပျိုးရေးစီမံကိန်းကန့်ကွက်တဲ့ ရွာသားတွေ ခြိမ်းခြောက်ခံရပြီး မြို့ပေါ်ကိုထွက်ပြေး


2019.06.05
manphaine-villagers-flee-622.jpg မန်ပြိန်းရွာသားတွေ လားရှိုးမြို့ပေါ်ကို ၂၀၁၉၊ ဇွန် ၅ ရက်နေ့က ထွက်ပြေးကြစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာမှာပြုလုပ်မယ့် ဧက ၃၀၀ စိုက်ပျိုးရေးစီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ ကျေးရွာသားတွေကို SSPP က ဗိုလ်ကြီးတစ်ဦးက ဖိအားပေး ခြိမ်းခြောက်လို့ဆိုပြီး ရွာသားနှစ်ရာနီးပါး လားရှိုးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာပါတယ်။

လက်နက်ကိုင်အဖွဲ့က ဗိုလ်ကြီးဆိုသူဟာ သူ့ကိုယ်သူ SSPP ကလို့ ပြောဆိုပြီး စီမံကိန်းလုပ်မယ့် မြေ ဧက ၃၀၀ ကို ငွေသိန်း ၂၅၀ ကျော်နဲ့ကုမ္ပဏီတစ်ခုကို ရောင်းချထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။

မေလ ၃၁ ရက်နေ့မှာ စီမံကိန်းလုပ်မယ့် ကုမ္ပဏီက ကျေးရွာအနီးကို မြေတူးတဲ့ စက်ယန္တရားတွေ ချစဉ်ကတည်းက ရွာသားတွေက ကန့်ကွက်ခဲ့ကြတာပါ။

မြေရောင်းချရာမှာ ကျေးရွာသူကြီးတွေကို ငွေပေးပြီး လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ရွာသူကြီးတွေက RFA ကို ပြောပါတယ်။

အဲဒီစီမံကိန်းကို ကျေးရွာသားတွေ ကန့်ကွက်ပြီးနောက်ပိုင်းမှာ လက်မှတ်ရေးထိုး ကန့်ကွက်ထားသူတွေကို SSPP က ဗိုလ်ကြီး ဆိုသူက ညစဉ်ဆိုသလို ခေါ်ယူပြီး မြေရောင်းချထားတာကို ရွာက သဘောတူကြောင်း ဖိအားပေးပြီး လက်မှတ်ရေးထိုးခိုင်းတာတွေရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့ ရွာသား ၂၀၀ ဝန်းကျင်ကို လားရှိုးမြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေက ကား ၁၀ စီးလောက်နဲ့ ဒီနေ့ မနက်က သွားရောက်ခေါ်ဆောင်ခဲ့ပြီး လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် အနောက်ပိုင်း ကချင်အသင်းတော်ကျောင်းမှာ နေရာချပေးထားတာပါ။

မန်ပြိန်းရွာမှာ အိမ်ထောင်စု ၆၀ ကျော်ရှိတဲ့အထဲက စီမံကိန်းကို ကန့်ကွက်နေတဲ့ အိမ်ထောင်စု ၅၃ စုက လူဦးရေ ၁၈၃ ဦး ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ရွာသားတွေဟာ စိုက်ပျိုးရေးနဲ့ဝါးခုတ်တဲ့ အလုပ်ကို အဓိက လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေး စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိလို့ဆိုပြီး ဒီစီမံကိန်းကြောင့် သူတို့လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေတွေထိခိုက်မှာကို စိုးရိမ်နေကြသလို ထပ်မံခြိမ်းခြောက်ခံရတာမျိုး ဖြစ်လာမှာကိုလည်း ပူပန်နေကြတာပါ။

ရွာသားတွေရဲ့ ဝါးနဲ့ထင်းမျောတင်တဲ့ ထွေလာဂျီတွေကို SSPP က ဗိုလ်ကြီး ဆိုသူက ဖမ်းဆီးငွေတောင်းတာတွေ ရှိလာတယ်လို့ငွေတောင်းခံခဲ့ရတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

မန်ပြိန်းရွာသားတွေက SSPP တာဝန်ရှိသူတွေကို မနေ့က စာရေးသားပေးပို့ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။

SSPP တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ကျေးရွာမြေတွေ ရောင်းချတာ၊ လူထုကို ဖမ်းဆီးခြိမ်းခြောက်တာတွေဟာ SSPP ရဲ့ မူဝါဒနဲ့မကိုက်ညီကြောင်း၊ မန်ပြိန်း ဖြစ်စဉ်ကို အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

SSPP က ဗိုလ်ကြီး ဆိုပြီး ဖိအားပေးခြိမ်းခြောက်နေသူဟာ SSPP အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် ဗိုလ်ကြီး အဆင့်ရှိသူမဟုတ်ကြောင်း၊ သူ့ကို ဝမ်ဟိုင်းဌာနချုပ်ကို ခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းသန်းအောင်က RFA ကို ပြောပါတယ်။

ဒါ့အပြင် မန်ပြိန်းရွာသားတွေအနေနဲ့ မိမိတို့နေရပ်ကို လုံခြုံစိတ်ချစွာပြန်နိုင်တယ်လို့လည်း ဆိုပါတယ်။

နှစ်ရှည်ပင်စိုက်ပျိုးရေးစီမံကိန်းလုပ်မယ့် ကုမ္ပဏီနဲ့ပတ်သက်လို့တော့ RFA အနေနဲ့ အသေးစိတ်ကို မသိရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။