ရွာသားတွေကိုခြိမ်းခြောက်တဲ့ SSPP တပ်ဖွဲ့ဝင်ဆိုသူကို စစ်ဆေးမယ်လို့ ပြော


2019.06.07
manphaine-villagers-622.jpg လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ မန်ပြိန်းရွာသားတွေ ၂ဝ၁၉ ခုနှစ် ဇွန်လ ခုနှစ်ရက်နေ့က သူတို့ရွာကိုပြန်သွားကြစဉ်
Photo: Kan Thar/RFA

လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ ဧကသုံးရာ စိုက်ပျိုးရေးစီမံကိန်းကို ရွာသားတွေက ကန့်ကွက်လို့ ဖိအားပေးခြိမ်းခြောက်ခဲ့တဲ့ SSPP အရာရှိသူကို SSPP ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးပြီး အရေးယူသွားမယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းသန်းမောင်က ပြောပါတယ်။

အဲဒီခြိမ်းခြောက်ခဲ့တဲ့သူဟာ SSPP တပ်ဖွဲ့ဝင်ဖြစ်ပေမယ့် တပ်သားအဆင့်သာဖြစ်ကြောင်း၊ အခုလို လုပ်ဆောင်တာကို SSPP ဌာနချုပ်က မသိရှိရသလို ဌာနချုပ်မှာခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းသန်းမောင်က RFA ကို ပြောပါတယ်။

မြေအရောင်းအဝယ်ကိစ္စတွေ လုပ်ဆောင်ခဲ့တာကိုလည်း SSPP ဗဟိုကော်မတီဝင်တွေက မြေပြင်မှာ ကွင်းဆင်းစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ရွာသားတွေ အခုလို ထွက်ပြေးရတဲ့အတွက် စိတ်မကောင်းကြောင်း ရွာသားတွေအနေနဲ့ မိမိတို့ နေရပ်ကို လုံခြုံစွာပြန်နိုင်တယ်လို့လည်း ပြောပါတယ်။

လက်ရှိဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက်ကိုလည်း SSPP ဘက်က အပြည့်အဝတာဝန်ယူ ဖြေရှင်းပေးသွားမယ်လို့လည်း ဗိုလ်မှူး စိုင်းမောင်က ပြောပါတယ်။

လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ ဆောင်ရွက်မယ့် ဧကသုံးရာ စိုက်ပျိုးရေးစီမံကိန်း လုပ်ဆောင်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မေလ ၃၁ ရက်နေ့က ကျေးရွာအနီးကို စက်ယန္တရားတွေ ရောက်တဲ့အချိန်မှာ ကျေးရွာသားတွေက ကန့်ကွက်ခဲ့ကြတာပါ။

SSPP အရာရှိသူဆိုသူက ဖိအားပေးြခိမ်းခြောက်ခဲ့တာကြောင့် ကျေးရွာသားတွေဟာ ဇွန်လ ငါးရက်နေ့မှာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

ရွာသားတွေဟာ ဒီမနက်မှာပဲ ပရဟိတအဖွဲ့တွေ ဌာနဆိုင်ရာတွေရဲ့ အကူအညီနဲ့ သူတို့ရွာကို ပြန်သွားကြပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။