မြတောင်သပိတ်မှာ အသတ်ခံရတဲ့ အမျိုးသမီးငယ်အလောင်း ပြန်မရ

မန္တလေးမြို့က မြတောင်ကျောင်းရှေ့မှာ ဇူလိုင်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေချိန် အရပ်ဝတ်သေနတ်သမားတွေက ပစ်ခတ်ဖြိုခွဲလို့ သေဆုံးရတဲ့ မသူသူဇင်ရဲ့ အလောင်းကို မိသားစုက ပြန်မရရှိပါဘူး။
ဇူလိုင်လ ၂၇ ရက်နေ့က အဲဒီဆန္ဒပြပွဲမှာ အတူဝင်ပါတဲ့ လူငယ်တယောက်က အစောပိုင်းမှာ အလောင်းပြန်ရတယ်လို့ ကြားရတဲ့အတွက် RFA သတင်းဌာနကို သူကြားတဲ့အတိုင်း ပြောလိုက်ပြီးတဲ့နောက် သေဆုံးသူအတွက် အကူအညီပေးဖို့ ကျန်ရစ်သူ မိသားစုဆီသွားပြီး တွေ့ဆုံတဲ့အခါ မိသားစုက သူ့တို့သမီးကို သေဆုံးနေတဲ့ ဓာတ်ပုံသာ အွန်လိုင်းပေါ်မှာ တွေ့လိုက်ရပြီး အလောင်းပြန်မရဘဲ နေ့ချင်း သင်္ဂြိုဟ်လိုက်တယ်လို့သာ သိရတယ်လို့ မိသားစုဆီက သိရတဲ့အကြောင်း အဲဒီလူငယ်က RFA ကို ပြန်ပြောပြပါတယ်။
ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းတာကြောင့် သေဆုံးတဲ့သူ စာရင်းကို RFA က လက်လှမ်းမှီသမျှ ပြုစုထားတဲ့စာရင်းအရ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၉၁၆ ယောက်ရှိနေပြီး၊ မသူသူဇင်နဲ့ဆိုရင် ၉၁၇ ယောက်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတဝန်း ဆက်သွယ်ရေး ခက်ခဲတဲ့အခြေအနေတွေကြောင့် စာရင်းမရဘဲ သေဆုံးရတဲ့သူတွေလည်း ရှိနေသေးလို့ ဒီအရေအတွက်ဟာ အနည်းဆုံးဖြစ်ပါတယ်။