မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ
2014.07.01

မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော် အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြော ကြားချက်ကို မရရှိသေးပါဘူး။
အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆လမ်းနဲ့ ၂၇လမ်းကြား၊ လမ်း၈ဝကနေ ၈၆လမ်း အနီးတဝိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။
"ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။ ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။
"ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ"
သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။
မနေ့ည ၂ နာရီက RFA သတင်းထောက် ကိုဆက်ပိုင်တိုးနဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဂဠုန်နီဆရာတော် ဦးကာဝိရနဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသိန်းဝင်းအောင်နဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နောက်ဆုံးအခြေအနေတွေကို ဒီနေ့မနက် RFA သတင်းထောက် ကိုဆက်ပိုင်တိုးနဲ့ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။