မန္တလေးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးမကောင်း
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်ထဲမှာ အအေးပက်ဖျားပြီး ကျန်းမာရေး မကောင်းဖြစ်နေတယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
နေမကောင်းတာကြောင့် ဒီဇင်ဘာလ ၂၉ ရက် မနေ့က ရုံးချိန်းကို ပြီးအောင်မစစ်ဆေးနိုင်ခဲ့ဘူးလို့ ရှေ့နေ အသိုင်းဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ရွေးကောက်ပွဲအတွက် စွဲဆိုထားတဲ့အမှုတွေ စစ်နေတဲ့အချိန်မှာ ဖျားတာ၊ ကင်ဆာကြောင့်တော့ မဟုတ်ဘူး၊ ထောင်ထဲမှာက အောက်ကလည်း တမံတလင်းနဲ့လေ၊ ရာသီဥတုကလည်း အရမ်းအေးတော့ လူကြီးဆိုတော့ မခံနိုင်တာ၊ အခု ထောင်တွင်း ဆရာဝန်နဲ့ ကုပေးနေတယ်လို့တော့ ပြောပေမယ့် အခြေ အနေ တိတိကျကျတော့ မသိရသေးဘူး”
ကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲမသာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဗုဒ္ဓဟူးနေ့တိုင်း တရားရင်ဆိုင်နေရသလို အဂတိ လိုက်စားမှုနဲ့ စွပ်စွဲပြီး စွဲဆိုထားတဲ့ အမှုအတွက်လည်း သောကြာနေ့တိုင်း တရားရင်ဆိုင်နေရပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ကို အမှုပေါင်း ၉ မှုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝ ဘေးအမှုအတွက် ဒီဇင်ဘာလ ၈ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပါတယ်။