မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ MDY-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကိုပြောပါတယ်။
"ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာက မတ္တရာမြို့ အရှေ့ဘက်ခြမ်း ဘုရားတောင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာပါ၊ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်"
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေရှိပြီး အချက်အလက်တွေ ကောက်ယူနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့လည်း ကိုအော်စမွန်က ပြောပါတယ်။
စစ်ကောင်စီနဲ့ MDY-PDF တပ်ဖွဲ့တို့ အောက်တိုဘာလဆန်းပိုင်းကစပြီး မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာပါ။
PDF အဖွဲ့က သိမ်းယူထားတဲ့ တပ်စခန်းတွေ ပြန်ရဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းတွေနဲ့လည်း ထိုးစစ်ဆင်နေတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ထိခိုက်မှုရှိကြောင်း ကိုအော်စမွန်က ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာနဲ့ သေဆုံးတာတွေရှိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။