မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆရာတော်ကြီးများ သြဝါဒပေး
2014.07.06

မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်မှာ ဂဠုန်နီဆရာတော် ဦးကာဝိယ အပါအဝင် လေးပြင် လေးရပ်က ဆရာတော် အပါး ၅၀ လောက်ရဲ့ သြဝါဒပေးပွဲကို မန္တလေးမြို့ငြိမ်းချမ်း မှု ထိန်းသိမ်းရေး ကော်မတီက ဦးစီးပြီး ဒီနေ့ ကျင်းပခဲ့ ပါတယ်။
အဲ့ဒီသြဝါဒခံယူပွဲ တက်ရောက်လာသူတွေကို ဂဠုန်နီ ဆရာတော် ဦးကာဝိယက မန္တလေးမြို့ တည်ငြိမ်အေး ချမ်းရေး အတွက် တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နေထိုင် ကြဖို့ လိုအပ်ပုံကို အခုလိုမိန့်ကြားခဲ့ပါတယ်။
"လူမျိုးတစ်မျိုးနဲ့ တစ်မျိုး မကြိုက်တဲ့အမူအယာတွေကို မလုပ်ကြပါနဲ့၊ မြန်မာလူမျိုးတွေ မကြိုက်တဲ့ အမူ အယာကို မလုပ်ပါနဲ့၊ မြန်မာတို့ကလည်း အစ္စလာမ် မကြိုက်တဲ့ အမူအယာတွေ မလုပ်ပါနဲ့၊ ဘာသာတိုင်း မှာ အဲ့သလို ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေဖို့ဟာ တို့တိုင်းပြည်က အေးအေးချမ်းချမ်း၊ တို့လူမျိုးရေး ဟာ အေးအေးဆေးဆေး သာသာယာယာနဲ့ နေကြပါ လို့ မွေးကင်းစ ကလေးက အစထိ ဆုံးမရတယ် ၊ မြှောက်တောင်ပေးရတယ်၊ အခုတော့ ရှာလိုက်ရင် တုတ်တွေ၊ ဓါးတွေ၊ သေနတ်တွေ၊ ဂျင်ဂလိတွေ အကုန်တွေ့ရတယ်၊ ရှင်းပါတယ် အဲ့ဒါတွေက အကြံ အစည်တွေနဲ့ ကြိုတင်လုပ်ထားတဲ့အတွက် တိုင်းပြည်ကို ဒုက္ခပေးမဲ့ အန္တရာယ်တွေပါ၊ ဒီနေ့ကစပြီးတော့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ တစိတ်တည်းတဝမ်းတည်း တသဘောတည်း တသွေးတည်း စိတ်ကမွေး ပြီးတော့ မြန်မာပြည်မှာနေတဲ့ လူတိုင်းဟာ မြန်မာပြည်ရဲ့ အကျိုးစီးပွား စွမ်းစွမ်းတမံနဲ့ ဆောင်ရွက်ရမယ်၊ ကူညီရမယ်၊ စောင့်ရှောက်ရမယ်၊ သစ္စာစောင့်သိသွားမယ် ဆိုတဲ့ အနေမျိုးတွေနဲ့ နေပါ"
အဲ့ဒီ သြဝါဒခံယူပွဲကို ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ မန္တလေးမြို့ခံ တွေ ၃၀၀ နီးပါးလောက် တက်ရောက်နာယူခဲ့ပါတယ်။
မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီကို သံဃာတော်တွေ၊ စာရေးဆရာတွေ အစ္စလမ် ဘာသာရေးခေါင်းဆောင်တွေအပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အဖွဲ့ဝင် ၂၁ ဦး ပါဝင်ပြီး မနေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီဟာ မန္တလေးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။