မန္တလေးတိုင်းအတွင်း လူနှစ်သောင်း ရေဘေး လွတ်ရာကို ပြောင်းရွှေ့
2016.08.01

ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဌဝတီမြစ်ရေ မြင့်တက်တာကြောင့် မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်လောက်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေ ထိုင်နေရပါတယ်။
ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေဖို့အတွက် အစိုးရဘက်က လိုက်လံအသိပေး နှိုးဆော်တာတွေ ကို ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်း က ပြောပါတယ်။
"ရေဝင်နေပြီဆိုရင် ရေလွတ်တဲ့ကုန်းမြင့်ကို ပြောင်းရတာသဘာဝပဲလေ၊ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာမျိုးတွေ မရှိပါဘူး၊ ဝေးရာကို ပြောင်းခိုင်းတာလည်း မရှိပါဘူး၊ ရေလွတ်မယ့်နေရာကို ခေတ္တပြောင်းရွှေ့နေရာချထားတာပါ၊ အမြဲတမ်း ပြောင်းဖို့ရွှေ့ဖို့ လိုက်အော်နေပါတယ်၊ လိုက်ခေါ်နေပါတယ်၊ ပြောင်းဖို့ရွှေ့ဖို့လည်း ဝိုင်းပြီးကူညီပေး ထားပါတယ်"
ဒေသခံတွေဟာ သက်ဆိုင်ရာမြို့နယ်တွေက ဘုန်းကြီးကျောင်း၊ ဘုရားဝင်း၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုး နီးစပ် နေအိမ်တွေမှာ ခိုလှုံနေရပြီး ကျေးရွာတွေက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားရပါတယ်။ အမရပူရနဲ့ တံတားဦးမြို့နယ်တွေမှာ ရေနစ်မြုပ်တဲ့ နေအိမ် အများဆုံးဖြစ်နေပါတယ်။
ဒီနေ့မနက်က ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် တောင်သမန်အင်း အရှေ့ဘက်ခြမ်း တာရိုးပေါက် ထွက်တော့မယ့်အနေထားကို ရောက်ရှိလာ တာကြောင့် ရေထိန်းတံခါးကို နှစ်ပေခန့် ဖွင့်ချလိုက်ရပြီး မန္တလေး မြို့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်ကွက်ကို ရေ ၆ ပေခန့် ဝင်ရောက်ခဲ့ပြီး လူနေအိမ်ခြေ ၂၀၀ ကျော် ကို ပြောင်းရွှေ့ထားရပါတယ်။
လက်ရှိမှာ သက်ဆိုင်ဌာနတွေနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က တာဘောင်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါတယ်။ တာဘောင်ကျိုးထွက်သွားရင် အခြေအနေ ပိုဆိုးဝါးလာနိုင်တဲ့အတွက် ရေတံခါးကို လိုအပ်သလို ထပ်ဖွင့်ချဖို့လည်း စီစဉ်ထားပါတယ်။
တောင်သမန်အင်း အရှေ့ဘက်ခြမ်းတာဘောင်ကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ တောင်သမန်အင်း နောက်ဘက်ခြမ်းမှာလည်း လူနေအိမ်အချို့ ရွှေ့ပြောင်းနေရပြီး တောင်ဘက်ခြမ်းက ရတနာပုံတက္ကသိုလ်ကိုလည်း ယာယီပိတ်လိုက်ကာ ဦးပိန်တံတား ကိုလည်း ဖြတ်သန်းခွင့်ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ နောက် ၃ ရက် အထိ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။