မန္တလေး အရိုးအထူးကုဆေးရုံအုပ်ကို အဂတိဥပဒေနဲ့ အမှုဖွင့်
2019.12.20
မန္တလေးမြို့ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ အဖွဲ့ဟာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး လုပ်ငန်းရှင်တချို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကေ်ာမရှင်ကို တိုင်ကြားချက်တွေရှိတဲ့ အကြောင်း RFA က သြဂုတ်လ ခြောက်ရက်နေ့မှာ သတင်းထုတ်လွှင့်ပြီးနောက် ရက်ပိုင်းအတွင်း ကော်မရှင်က စုံစမ်းစစ်ဆေးတာတွေ စတင်ခဲ့သလို၊ လေးလအကြာမှာတော့ အခုလို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ဆေးရုံဝန်းအတွင်းမှာ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခွင့်၊ ဆိုင်ကယ်အပ်နှံခွင့်၊ ကားအပ်နှံခွင့်လို လုပ်ငန်းတွေ လုပ်ခွင့်ရဖို့ တရားဝင် တင်ဒါသတ်မှတ်ထားတဲ့ ငွေကြေးတွေထက် ပိုပေးနေရတယ်ဆိုပြီး လုပ်ငန်းရှင်တချို့က တိုင်ကြားခဲ့တာပါ။ တိုင်ကြားခဲ့သူတွေထဲမှာ လ္ဘက်ရည်ဆိုင်ပိုင်ရှင်၊ ဆေးရုံဝန်ထမ်းတွေနဲ့ ယာဉ်မောင်းတွေလည်း ပါဝင်ပါတယ်။
တိုင်ကြားသူတွေကတော့ ဆေးရုံတာဝန်ရှိသူတွေဟာ အဂတိငွေအားလုံးပေါင်း သိန်း ၄၇၀ ရယူထားတာဖြစ်ပြီး နစ်နာသူ ၁၂ ယောက်က လတ်မှတ်ထိုးကာ နေပြည်တော် အဂတိကော်မရှင်ကို အခုနှစ် မေလကတည်းက တိုင်ကြားထားတာလို့ သိရပါတယ်။
အဲဒီလိုတိုင်ကြားထားတဲ့အထဲမှာ လူနာစောင့်တွေဆီကနေ တစ်ယောက်ကို ကျပ် တစ်ထောင်နှုန်းနဲ့ ကောက်ခံတာ၊ အခါကြီးရက်ကြီးတွေမှာ အလှူငွေကောက်ခံတာ၊ ကျန်းမာရေးဝန်ကြီးဌာနပိုင် ပစ္စည်းတွေ အလွဲသုံးစားပြုလုပ်တာ၊ တင်ဒါစည်းကမ်း ချိုးဖောက်တာတွေကိုလည်း ထည့်သွင်းတိုင် ကြားထားတယ်လို့ သိရပါတယ်။
ကော်မရှင်ရဲ့ စစ်ဆေးတေ့ွရှိချက်အရ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ဟာ လုပ်ငန်းရှင်တချို့ဆီကနေ ငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံခဲ့တာ ပေါ်ပေါက်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တဆက်တည်းမှာပဲ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးဟာလည်း ငွေကျပ် ၁၂ သိန်းကျော်နဲ့ ကင်မရာ၊ လက်ပ်တော့လို တန်ဖိုးကြီးပစ္စည်းတွေ လက်ခံခဲ့တာကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါက်တာကြည်လွင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ဦးအောင်ကျော်ဦးကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ နဲ့ အမှုဖွင့်ထားတာပါ။
အမှုဖွင့်ခံရသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးက - တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ တိုင်ကြားခံရတာ၊ ဘယ်လိုမညီတာလဲ၊ ကိုယ့်လူနဲ့ကိုယ် စားပွဲပေါ်ပေးလို့ရတဲ့ခေတ် ကုန်သွားပြီလို့ သြဂုတ် ကိုးရက်နေ့က RFA ကို ဖြေကြားထားပါတယ်။
သူတို့နှစ်ဦးကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်က အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ဒီနေ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။