မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတာကြောင့် အဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံသား စိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာ ၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ၉ လအတွင်း လူ ၃၃၀၀ ကျော်ရှိနေပြီလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်လို့ အဖမ်းခံရတဲ့သူတွေကို မလေးအစိုးရက ထောင်ဒဏ် ၃ လ ဒဏ်ချမှတ်ပြီးတဲ့နောက် ထိန်းသိမ်းရေးအကျဉ်းစခန်းတွေကို ပို့ဆောင်ထိန်းသိမ်းထားတာဖြစ်ပါတယ်။
အဲဒီစခန်းတွေကနေမှ မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ်ပြီး ပြန်ပို့ပေးတာဖြစ်တယ်လို့ မြန်မာသံရုံးအတွင်းဝန် ဒေါ်မေသူဖြူက ပြောပါတယ်။
မလေးရှားအစိုးရကနေ ဖမ်းဆီးထားတဲ့ တရားမဝင် အလုပ်သမားအရေအတွက် တိတိကျကျတော့ မသိရဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း မလေးရှားနိုင်ငံကို တရားမဝင် အလုပ်လုပ်ဖို့လာတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံစစ်ဆေးရေးစခန်းတွေကနေ ဖမ်းမိတာတွေရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေလည်း သတင်းထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား အယောက် ၂ သိန်းလောက်ရှိပြီး တရားမဝင် လုပ်ကိုင်နေတဲ့ အရေအတွက်ကတော့ ၃ သိန်းလောက်ရှိနေတယ်လို့ မြန်မာသံရုံးကနေ သိရပါတယ်။