နှစ်နိုင်ငံအကြား ထိန်းသိမ်းခံထားရသူတွေ လဲလှယ်ရေး အစီအစဉ်အရ မလေးရှား အစိုးရ အနေနဲ့ လူဝင်မှု ပြစ်မှုတွေ ကျူးလွန် ဖောက်ဖျက်မှုကြောင့် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ မူအားဖြင့် သဘောတူညီထားပြီး ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးက အခု သတင်းပတ်ဆန်းပိုင်းက ကြေညာခဲ့ပါတယ်။ မလေးရှား လူဝင်မှုအကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ မလေးရှား အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံရသူတွေ မတန်တဆ များပြား ပြည့်ကြပ်လာတဲ့ ပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကြောင့် အကျဉ်းစခန်းတွေမှာ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ်ပြု ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ အပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ ဆွာရမ် လူ့အခွင့်အရေး အဖွဲ့ကတော့ ဒီအစီအစဉ်ကြောင့် မြန်မာနိုင်ငံသား တချို့ကို စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဖြစ်လာနိုင်တာကြောင့်၊ ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေ အန္တရာယ် ကြုံရမယ့်အရေး အတွက် စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကြောင့် မလေးရှား အစိုးရဟာ ဒေသတွင်းမှာ ရက်စက်ကြမ်းကြုတ်ပြီး၊ ဒီမိုကရေစီ မရှိတဲ့ မြန်မာ အစိုးရကို ပိုမို အသိအမှတ်ပြုရာ ရောက်ကြောင်း ဆွာရမ် အဖွဲ့က ထောက်ပြပါတယ်။ မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် မှတ်ပုံတင်နဲ့ နေထိုင်သူ ၈ သောင်း ၇ ထောင်ကျော် အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၃ သိန်း ၄ သောင်းလောက်ရှိပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးကိုကိုအောင် ဘန်ကောက်မြို့က စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
0:00 / 0:00