မလေးရှားမှာ မြန်မာ အလုပ်သမားတွေ ထိတ် လန့်ကြောက်ရွံ့နေကြ


2014.09.19

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာ တစ်နှစ်ကျော်အတွင်း အနည်းဆုံးအယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကိုလည်း ဖေါ်ထုတ်ဖမ်းဆီးနိုင်တာ မရှိတဲ့အတွက် မြန်မာ အလုပ်သမားတွေ အထိတ်တလန့်ဖြစ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံက ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ ကိုဆန်းဝင်းက RFA ကို အခုလိုပြောပါတယ်။

"လူတကာတွေကြားထဲမှာတော့ လူတွေက အထိတ်တလန့်တွေ ဖြစ်နေကြတယ်၊ အခု တနင်္လာနေ့ဆိုရင်လည်း မြန်မာနိုင်ငံက အထောက်အထားတွေပြပြီး ပြန်ကြ မယ့်သူတွေလည်း အခုတအားများပါတယ်၊ တအားကြောက်နေကြပါတယ်၊ လမ်းသွားရင်တောင် ကြည့်သွားနေရတယ်၊ ဒီကြားထဲ ရဲဖမ်းမှှုတွေကလည်းရှိနေတော့ လူတွေကမနေချင်ကြတော့ဘူး၊ စီးပွားရေးကလည်း ကျနေတဲ့အပိုင်းလည်းပါတယ်"

နောက်ဆုံးအသတ်ခံရမှုဟာ အခုလ ၁၄ ရက်နေ့ကဖြစ်သွားပြီး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာသစ်ရွာက ကိုကျော်သာလှနဲ့ ရသေ့တောင်မြို့နယ်က ကိုကျော်အေးလှိုင်တို့ဖြစ်တယ်လ့ို ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ကလည်း ရခိုင်အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်း ကိုသက်ဆိုသူ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

အခုလိုအသတ်ခံနေရတာဟာ ပျမ်းမျှအားဖြင့် လစဉ် ၂ ယောက်နှုန်းလောက်ဖြစ်နေပြီး၊ မြန်မာသံရုံး ကလည်း ထိထိရောက်ရောက် ကူညီနိုင်တာမတွေ့ရသလို၊ မလေးရှားအစိုးရကလည်း တရားခံမဖော်ထုတ်နိုင်ဘူးလို့ ပြော ပါတယ်။ ဒါကြောင့် မြန်မာသမ္မတက မလေးရှားဝန်ကြီးချုပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ဖိအားပေးတောင်း ဆိုစေချင်နေကြတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံမှာ ချင်း၊ ရခိုင်၊ ကရင်နဲ့မွန် တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက အရွယ်ရောက် ပြီးလူငယ်တွေ အလုပ်လုပ်နေကြပြီး၊ စုစုပေါင်း ၂ သန်း ၄ သိန်းရှိတယ်လို့ မြန်မာနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယ ဝန်ကြီးကပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ မကြာခဏအသတ်ခံနေရပြီး တရားခံဖေါ်ထုတ်တားဆီး နိုင်စွမ်းမရှိ တဲ့အတွက် မြန်မာတွေ စိုးရိမ်နေတဲ့အကြောင်းနဲ့ပတ်သက်လို့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။