မလေးရှားက မြန်မာတွေ ဌာနေပြန်ရေး နှောင့်နှေး


2016.07.28
malaysia-myanmar-return-620.jpg မလေးရှားနိုင်ငံကနေ ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကို ရန်ကုန်မြို့ကို လေဆိပ်မှာတွေ့ရစဉ်
Photo: Htet Arkar/RFA

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၇ဝဝ ကျော်ကို နေရပ်ကို ပြန်ဖို့ပေးဖို့အတွက် စီစဉ်ထားတဲ့ အလှူရှင်ဘက်က ရုပ်သိမ်းလိုက်ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတု့ိနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် ပြန်ပို့မယ့်ရက်ကတော့ နောက်ကျသွားမယ်လို့လည်း အမည်မဖော်လိုသူ သံရုံးအရာရှိတစ်ဦးက အခုလိုပြောပါတယ်။

"ပြန်မပို့တာ မဟုတ်ပါဘူး၊ အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်၊ အရင်တုန်းက သံရုံးနဲ့ အလှူရှင်က တိုက်ရိုက်ချိတ်ဆက်တာလေ၊ အခုကတော့ အစိုးရဌာနတွေနဲ့ပဲ အလှူရှင်က ချိတ်ဆက်တော့ အစီအစဉ်တွေ ကတော့ မပြတ်ပါဘူး နည်းနည်းလေး အစီအစဉ်ရွှေ့ဆိုင်းတဲ့သဘောပါ၊ ကျနော်တို့ တာဝန်ယူဆောင်ရွက်တဲ့ ဌာနပဲ ကွာသွားမှာပါ၊ အချိန်နည်းနည်းပိုပေးရမှာပေါ့၊ နည်းနည်းလေး နောက်ဆုတ်သွားတဲ့သဘောပါပဲ၊ ဘာမှမဖြစ်ပါဘူး၊ ဆက်လုပ်မှာပါ၊ အရင်ဆုံး မြန်မာနိုင်ငံသားစစ်ဆေးမယ့် လုပ်ငန်းပြီးသွားလို့ရှိရင် ပြန်ဖို့တဲ့ အပိုင်းလာမှာပေါ့"

မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အရင်က ဖိုးလမင်း ထရိတ်ဒင်း ကုမ္ပဏီရဲ့ အကူအညီ နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်ထားပေမယ့် အလှူရှင်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် မဆောင် ရွက်နိုင်တော့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ အလှူရှင်တွေရဲ့ကူညီမှုနဲ့ အဲ့ဒီနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရှိတဲ့ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို ပြည်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာရှိနေတဲ့ မြန်မာနိုင်ငံသား ဦးရေ ၂၈ဝဝ လောက်ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။