မလေးရှားမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့မှ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က  ရှာဖွေဖမ်းဆီးစဉ်။
မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့မှ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ရှာဖွေဖမ်းဆီးစဉ်။ (Jabatan Imigresen Malaysia)

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ ဧပြီလ ၂၆ ရက်နေ့က အထောက်အထားမဲ့ မြန်မာအလုပ်သမား သုံးဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကူညီနေတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာတွေအများဆုံးနေထိုင်တဲ့ အဲဒီနေရာကို ဧပြီလ ၂၆ ရက်နေ့ မနက်အစော တစ်နာရီခွဲလောက်မှာ (Operasi) အော်ပရာဇီ စစ်ဆင်ရေးဆိုပြီး ဝင်ရောက်ဖမ်းဆီးသွားတာလို့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“မြန်မာတွေ တော်တော်များများ ပါသွားတယ်။ ပတ်ဝန်းကျင်တို င်ကြားမှုနဲ့ ပါသွားတယ်။ အဲနားမှာ မြန်မာက လူမျိုးပေါင်းစုံပါသွားတယ်။ ဖမ်းခံရတာ သုံးဆယ်ကျော်လောက်ရှိမယ်။ မြန်မာတွေ အများဆုံးခိုလုံတဲ့နေရာမှာ ဝင်သွားတာ။ တခြားနိုင်ငံသားတွေလည်း အားလုံးဆိုရင် တစ်ရာကျော်လောက်ရှိမယ် ဖမ်းဆီးခံရတာ”

မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးကတော့ ဖမ်းဆီးခံရတဲ့အထဲ မြန်မာတွေပါသွားတယ်လို့ ပြောဆိုပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလအတွင်းမှာပဲ မြန်မာနိုင်ငံကနေ အလည်ဗီဇာနဲ့ မလေးရှားလာသူတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်ပို့တာတွေရှိခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ရဲ့ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းတွေအရ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါးရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း သုံးသိန်းလောက်ရှိတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောထားပါတယ်။