တိုက်ခိုက်ခံရတဲ့ မြန်မာတွေကို မလေးရှားဘောလုံးအဖွဲ့ချုပ် တောင်းပန်

မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - နှလုံးလှပရဟိတအဖွဲ့)

မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမားတွေကို မလေးရှားဘောလုံးအဖွဲ့ချုပ်က မနေ့က တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားဘောလုံးအဖွဲ့ချုပ်က ဒဏ်ရာရသွားတဲ့ မြန်မာအလုပ်သမားတွေကို မေတ္တာရပ်ခံတောင်းပန်ပြီး အခုလိုဖြစ် ရတဲ့အတွက် စိတ်မကောင်းတဲ့အကြောင်း ပြောခဲ့တယ်လို့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့က ပြောပါတယ်။

မလေးရှားနိုင်ငံမှာကျင်းပတဲ့ မြန်မာ-မလေး ဘောလုံးပွဲစဉ်တိုင်းမှာ အခုလို ပြဿနာတက်ရတာတွေ နောက်ထပ် မဖြစ်ရအောင် မြန်မာပရိသတ်တွေကို အကာကွယ်ပေးဖို့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့က မလေးရှားဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဆူဇူကီးဖလား မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာ အလုပ်သမား ၂၅ ယောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။