ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ မလေးရှားပြော


2018.11.22
rohingya-repatriation-protest-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ Unchiprang ဒုက္ခသည်စခန်းက မပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်ပိုမယ့်အစီအစဉ်မှာ သူတို့ုကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့  အာမခံချက် ပါဝင်ရမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။

အဲဒီလို အာမခံချက်ပေးမှသာ သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး၊ နေရပ်ပြန်ရောက်ရင်လည်း အကြမ်းဖက်နှိပ်စက်ခံရမယ့် အန္တရာယ်တွေ ထပ်ပြီး မကြုံတွေ့ဖို့ လိုအပ်တယ်လို့  နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်-အဗ္ဗဒူလာ (Datuk Saifuddin Abdullah) က ပြောပါတယ်။

မလေးရှားအနေနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံအဖြစ် တတ်နိုင်သလောက် အကူအညီတွေ ပေးသွားမယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူး (Mohamad Sabu) ကလည်း လာမယ့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် ထိုင်းနိုင်ငံအနေနဲ့ ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရာမှာ ထိထိရောက်ရောက်ဆောင်ရွက်ဖို့  ထိုင်းဝန်ကြီးချုပ်ကို ဒီကနေ့ ဆက်သွယ်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမျှသာ မကတော့ဘဲ အဲဒီလူတွေ မိမိတို့ မလေးရှားကို ထွက်ပြေးလာနေကြတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါပြီလို့လည်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။