မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စက်ရုံ တည်ဆောက်ဖို့ မလေးရှား ကုမ္ပဏီ စီစဉ်

မလေးရှားနိုင်ငံ အခြေစိုက် Asia Motor ကားကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄၄ သန်း ကုန်ကျမယ့် ကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

2011.11.09
gasoline_fuel_station_305_z.png ရန်ကုန်မြို့ရှိ ဓာတ်ဆီဆိုင်တခုတွင် ကားများ ဆီဖြည့်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

မလေးရှား မော်တော်ယာဉ် ပစ္စည်း အရောင်းပြခန်း တစ်ခုလည်း မြန်မာနိုင်ငံမှာ လာရောက်ဖွင့်ဖို့ ရှိပြီး ကားပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချမယ်လို့ ပြည်တွင်းထုတ် ပေါ်ပြူလာ သတင်းဂျာနယ်ကို ကိုးကားပြီး တရုတ် အစိုးရ ဆင်ဝှါသတင်းက ရေးပါတယ်။

Asia Motor ကားကုမ္ပဏီဟာ နှစ်စဉ် မော်တော်ကား စီးရေ ၃ သိန်း ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံကို တင်ပို့ ရောင်းချနေတဲ့ ကုမ္ပဏီ တစ်ခုပါ။

တစ်ချိန်ထဲမှာပဲ မြန်မာ အာဏာပိုင်တွေဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှါးတက္ကဆီ ၂၀၀ ခန့်ကို မလေးရှားနိုင်ငံထုတ် ပရိုတွန်ကားတွေနဲ့ အစားထိုးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မလေးရှား အခြေစိုက် ပရိုတွန် မော်တော်ကား ကုမ္ပဏီဟာ ကားအမျိုးအစား ၁၂ မျိုးခန့် နှစ်စဉ် ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကို တင်ပို့ ရောင်းချနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ရာဘာ ထုတ်လုပ်ရေး၊ စာအုန်းဆီ ထုတ်လုပ်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ရေး ဆိုင်ရာ စာချုပ်တွေ မလေးရှားနဲ့ မြန်မာ လုပ်ငန်းရှင်တွေ အကြား ချုပ်ဆိုခဲ့ပါတယ်။

မြန်မာအစိုးရ စာရင်းအင်းတွေ အရ ၂၀၁၀-၁၁ ကုန်သွယ်ရေးနှစ် အတွင်း မလေးရှား မြန်မာကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။