လုံခြုံရေးကောင်စီခရီးစဉ် မလေးဝန်ကြီးဟောင်း စိတ်ပျက်

တောင်ပြိုလက်ဝဲကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က ရောက်ရှိလာတဲ့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ကို တွေ့ရစဉ်
တောင်ပြိုလက်ဝဲကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က ရောက်ရှိလာတဲ့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ကို တွေ့ရစဉ် (Photo: Aung Thurein)

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Syed Hamid Albar ဆာရက် ဟာမစ် အယ်လ်ဘာ က လတ်တလော ရက်ပိုင်းအတွင်း ရိုဟင်ဂျာ ပဋိပက္ခဖြေရှင်းရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွတ်ခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမဲ့ ခရီးစဉ်က ထွက်ပေါ်လာခဲ့တဲ့ ရလဒ်ကိုတော့ စိတ်ပျက်မိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်ရက်စက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအစိုးရကို ကူညီမယ်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ပြောကြားခဲ့ကြောင်း၊ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံကို အဲဒီ ပြစ်မှုတွေ စစ်ဆေးဖို့အတွက် ပြန်လည်တာဝန်ပေးတယ်ဆိုတာ မဖြစ်သင့်ပဲ တခြားပြင်ပ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုကိုသာ တာဝန်ပေးရမှာဖြစ်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း အယ်လ်ဘာက အနာဒိုလူ သတင်းဌာနနဲ့ သီးသန့် အင်တာဗျူးမှာ ပြောကြားပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာတပ်ဖွဲ့တွေက လူမျိုးတုံး ရှင်းလင်းရေးလုပ်ဆောင်နေတာကို တားဆီးဖို့ ထိထိရောက်ရောက် ဘာတစ်ခုမှ လုပ်ဆောင်ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်ကို ဗုဒ္ဓဘာသာဝင်တွေချည်းပဲ နေထိုင်တဲ့ တိုင်းပြည်တစ်ခုဖြစ်အောင် လုပ်ဆောင်မှုမှန်သမျှ သူတို့မှန်ကန်တယ်လို့ မြန်မာအာဏာပိုင်တွေက ယူဆနေကြပြီး တရုတ် နဲ့ ရုရှားလို အင်အားကြီးနိုင်ငံတွေက အကာအကွယ်ပေးမှာပဲဆိုတာကိုလည်း သူတို့သိရှိနေကြတယ်လို့ ဝန်ကြီးဟောင်း အယ်လ်ဘာ က ပြောပါတယ်။