ရဲနဲ့ လယ်သမား ပဋိပက္ခ ရဲသားသေဆုံး နှစ်ဖက် အပြန်အလှန် ပြစ်တင်စွပ်စွဲ
2013.02.28

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ တောင်သူလယ်သမားတွေ ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတင် ထားရတဲ့ လူနာအခြေအနေအားလုံးဟာ စိုးရိမ်ရတဲ့ အခြေအနေတွေ မရှိတော့ဘူးလို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းမင်းက ပြောပါတယ်။
အခုဆို ဆေးရုံမှာ ဆေးကုသနေတာ ဟာ ဒေသခံပြည်သူတွေဘက်က ဒဏ်ရာရလူနာ ၅ ဦးခန့် ကျန်ရှိနေသေးပြီး ရဲဝန်ထမ်းဘက်က ၈ ယောက်ခန့် ကုသမှုခံနေရသေးတယ်လို့ ရဲမှူးကြီး ဦးထွန်းမင်းက RFA ကို ပြောပါတယ်။
အခုလို ပဋိပက္ခဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာရ ခဲ့တဲ့ တောင်သူလယ်သမားတွေဘက်က အမှုဖွင့် တရားစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ ဦးလှမြင့်က ပြောပါတယ်။
အဲဒီ ပဋိပက္ခဟာ မလက်တိုကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား နှစ်ဖက်အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် လူစုခွဲခဲ့ရာကနေ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ လယ်သမားတွေဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ မနေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေသခံရွာသားတွေနဲ့ ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက အခင်းဖြစ်ပွားခဲ့တဲ့ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်
ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက အခင်းဖြစ်ပွားခဲ့တဲ့ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။