အမှုကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးမှာ တရားခံရှေ့နေ ဦးကြီးမြင့်က တရားခံပြသက်သေအဖြစ် ပုဂ္ဂိုလ် ၈ဦးကို တင်ခဲ့တာပါ။ တရားရုံးက ခေါ်ပေးမပေးဆိုတာကို နောက်အပတ် ကြာသပတေးနေ့မှာ သိရမယ်လို့ ဆိုပါတယ်။ ဒီနေ့ အမှုစစ်ဆေးရာမှာ ဖဒိုမန်းငြိမ်းမောင်ကို ၃ နာရီကျော်ကြာ စစ်တယ်လို့ ဆိုပါတယ်။ မန်းငြိမ်းမောင်က မိမိအနေနဲ့ ကရင်အမျိုးသားတွေအတွက် ခုခံစစ်မှာ ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချင်ပေမယ့် လက်နက်ချရေး နည်းလမ်းတစ်ခုပဲ လမ်းဖွင့်ပေးထားတာကြောင့် ငြိမ်းချမ်းရေး မယူနိုင်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ ဖဒိုမန်းငြိမ်းမောင်ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေအပြင် မတရားသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ပါ စွဲချက်တင်ထားပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ အမှုကို ထပ်မံချိန်းဆိုထားပါတယ်။ ရှေ့နေဦးကြီးမြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00