KNU မန်းငြိမ်းမောင် ရန်ကုန်မှာ အမှုဖွင့်စစ်ဆေးခံနေရ

KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ဖဒို မန်းငြိမ်းမောင်ကို မြန်မာအစိုးရ သတင်းတပ်ဖွဲ့က မတရားသင်း ဥပဒေနဲ့ စွဲချက်တင်ထားပြီး မင်္ဂလာဒုံတရားရုံးမှာ ဒီဇင်ဘာ ၈ ရက်နေ့က ရုံးတင်စစ်ဆေးနေတယ်လို့ ပြည်တွင်းထုတ်သတင်းဂျာနယ်တစောင်က ရေးသားလိုက်ပါတယ်။

2011.12.12

Prisoner_Mahn_Nyein_Mg75.jpgသြဂုတ်လနဲ့ စက်တင်ဘာလပိုင်းက တရုတ်ပြည် ခရီးစဉ်အတွင်း ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ဟာ တရုတ်ပြည် ကူမင်းလေဆိပ်ကတဆင့် ရန်ကုန်လေဆိပ်ကို အပို့ခံရပြီး ရန်ကုန်လေဆိပ်မှာ မြန်မာ အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေး ပုဒ်မနဲ့ အမှုဖွင့် အရေးယူခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရကြောင်း အခုတပတ် ရန်ကုန်မှာ ထုတ်ဝေတဲ့  ပန်းစကား သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဖဒိုမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တဦးအဖြစ် စုံစမ်း တွေ့ရှိရတဲ့အတွက် မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့က မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အခုလ ၈ ရက်နေ့မှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဂျာနယ်သတင်းမှာ ဖော်ပြထားပါတယ်။

မန်းငြိမ်းမောင်ဟာ KNU အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ KNU ကိုယ်စား ဦးဆောင်လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ KNU နဲ့ မန်းငြိမ်းမောင်ရဲ့ မိသားစုထံက သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။