မေးခွန်းပေါက်ကြားမှုကိစ္စ မကွေးလွှတ်တော် ဆွေးနွေးမည်
2016.02.26

ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီးမှာ လေးတန်းနဲ့ ရှစ်တန်း အတန်းတင်စာမေးပွဲ မေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နောင်မှာ အလားတူကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်က တင်သွင်းရာ လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်ပြီး လာမယ့် မတ်လ ၁ရက်နေ့မှာ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
"အရေးကြီးအဆို တင်သွင်းပြီးတဲ့အချိန်မှာ မကွေးမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် က ထောက်ခံတဲ့အတွက် လွှတ်တော်ကို အတည်ပြုဖို့ သဘောထားတောင်းတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ၆၈ ဦးလုံးက ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့အတွက် လွှတ်တော်က ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့အတွက် အတည်ပြုဆုံးဖြတ်ပါတယ်ခင်ဗျ၊ ဒီအဆိုကို ဆက်ဆွေးနွေးဖို့က လာမယ့် မတ်လ ၁ ရက်နေ့ မနက် ၁ဝ နာရီမှာ မကွေးတိုင်းဒေသကြီး လွှတ်တော်ပြန်ခေါ်မယ်၊ အဲ့နေမှာပဲ အရေးကြီးအဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကို စာရင်းတင်းထားတဲ့ပုဂ္ဂိုလ်များ ဆွေးနွေးခွင့်ရပါမယ်"
လာမယ့် ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ အဆိုကို ဆွေးနွေးမယ့် ကိုယ်စားလှယ်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ လွှတ်တော်အပြီးမှာ ကိုယ်စားလှယ် ၄ ဦးက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ၄ တန်းနဲ့ ၈ တန်း အစိုးရစစ် အတန်းတင် စာမေးပွဲ မေးခွန်းတွေဟာ မကွေးတိုင်းဒေသကြီး တချို့မြို့နယ်တွေမှာ စာမေးပွဲကာလအတွင်း ပေါက်ကြားခဲ့တာဖြစ် ပါတယ်။
ဒီမေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်းလေးဦးကို နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။