မကွေးလေတပ်စခန်းထဲပေါက်ကွဲမှု တိုက်လေယာဉ်လေးစီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေပြော
မကွေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိခိုက်ခဲ့ပြီး အဲဒီအထဲက လေးစီးကတော့ သုံးလို့မရတော့အောင် ပျက်စီးသွားတယ်လို့ မကွေးမြို့က လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။
- 2021-08-13
-
-
-
မကွေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိခိုက်ခဲ့ပြီး အဲဒီအထဲက လေးစီးကတော့ သုံးလို့မရတော့အောင် ပျက်စီးသွားတယ်လို့ မကွေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။
မကွေးမြို့ ကံပြားလမ်းပေါ်မှာရှိတဲ့ မကွေးလေတပ်စခန်းဝင်းထဲက လက်နက်သိုလှောင်ရုံနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဖောက်ခွဲမှုကို ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ ၃၃ နှစ်ပြည့်မှာ သွေးမအေးကြောင်းပြသတဲ့အနေနဲ့ မဟာမိတ်တပ်ပေါင်းစုနဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က အဲ့ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁၀ ရက်နေ့မှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မကွေးလေတပ်ကို ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မကွေးဒေသခံက ပြောပါတယ်။
အဲဒီနောက်ပိုင်း ဩဂုတ်လ ၁၁ ရက်နေ့ကစလို့ မကွေးမြို့မှာ အရင်ကထက်လုံခြုံရေးတင်းကျပ်လာပြီး ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြဝတီသတင်းဌာနကတော့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ အရာရှိ၊ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောတာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တိုက်လေယာဉ်တွေပျက်စီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မကွေးလေတပ်စခန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။