လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၁၀၀ ကျော် ပျက်စီး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုမှာ မနေ့ညက လေပြင်းတိုက်ခတ်ခဲ့ တာကြောင့် ကျေးရွာ ၅ ရွာလောက်က နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
-
2018-04-02 -
-
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုမှာ မနေ့ညက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာ ၅ ရွာလောက်က နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
လေပြင်းတိုက်ပြီး မိုးသီးကြွေကျမှုကြောင့် နေအိမ် စုစုပေါင်း ၁၄၄ လုံး ပျက်စီးခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ပြောပါတယ်။
"လေပြင်းတိုက်တာ၊ မိုးသီးလည်း ကြွေတယ်၊ လုံးဝပြိုလဲတဲ့ အိမ်က ၃၂ လုံး၊ တစိတ်တပိုင်း အမိုးလန်ပျက်စီး တာက ၁၁၂ လုံး၊ အားလုံး ၁၄၄ လုံး ပျက်စီးတယ်၊ ကျနော်တို့က အိမ်အမျိုးအစားပေါ်မူတည်ပြီး ထောက်ပံ့ လိုက်တယ်၊ လုံးဝပြိုတဲ့အိမ်တွေကို တစ်အိမ်ကို တစ်သိန်းနှုန်းနဲ့ ပေးပါတယ်၊ ၃၂ အိမ်ဆိုတော့ ၃၂ သိန်းပေါ့၊ ကျန်တဲ့အိမ်လေးတွေကတော့ အမိုးလန်တာလေးတွေဆိုတော့ ၃ သောင်းတို့၊ ၆ သောင်းတို့ပေါ့၊ အဲလိုအိမ်မျိုး ထောက်ပံ့တာက အားလုံးပေါင်းဆိုရင်တော့ ၇၈ သိန်းနဲ့ ၂ သောင်းပေါ့"
ပျက်စီးသွားတဲ့ နေအိမ်တွေကို မကွေးတိုင်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ဒီကနေ့ ကွင်းဆင်းကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ပျက်စီးသွားတဲ့နေအိမ်တွေက လူဦးရေ ၁၆၅ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီကျေးရွာတွေမှာ မနေ့ည ၈ နာရီခွဲကနေ ၉ နာရီခွဲ ဝန်းကျင်လောက်အထိ လေပြင်းတိုက်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပျက်စီးသွားတဲ့နေအိမ်တွေဟာ သွပ်မိုးထရံကာ၊ ဓနိမိုးထရံကာနေအိမ်တွေဖြစ်တယ်လို့ ဦးမြင့်စိုး က ပြောပါတယ်။
အလားတူ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာလည်း ဒီကနေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဖြစ်စဉ်တွေဟာ အပူချိန်မြင့်တက်တဲ့ နွေရာသီကာလတွေမှာ အဖြစ်များပြီး မုတ်သုန်မဝင်ခင်ကာလအထိ နောက်ထပ်လည်း ဖြစ်ပွားမှုတွေ ရှိနိုင်ဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။