ဆောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မိသားစုတစ်စုလုံးသေဆုံး

RFA Burmese
2022.12.26
ဆောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မိသားစုတစ်စုလုံးသေဆုံး ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် စစ်ရေးပြအခမ်းအနားတွင် ပျံသန်းခဲ့သည့် တိုက်လေယာဉ်များ။
Reuters

မကွေးတိုင်း၊ ဆော့မြို့နယ်က ညောင်ကန်ရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဒီနေ့နေ့လယ်နှစ်နာရီဝန်းကျင်က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံမိသားစုတစ်စုလုံးဖြစ်တဲ့ လူလေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်ခြောက်ဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ သူ့ရဲ့သားနှစ်ယောက်နဲ့ မောင်တော်စပ်သူတစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာလူတွေစုဝေးနေတာကြောင့် ဒဏ်ရာရသူတွေကိုအတိအကျပြောဖို့မလွယ်သေးဘဲ ခုနစ်ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ညောင်ကန်ရွာအလယ်ထဲကို ကျရောက်ခဲ့တဲ့ဗုံးနှစ်လုံးကြောင့် နေအိမ်အနည်းဆုံး သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်ဗုံးတစ်လုံးကတော့ NUG အစိုးရကဖွင့်တဲ့စာသင်ကျောင်းနားကိုကျရောက်ခဲ့ပြီး မပေါက်ကွဲခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

အခင်းဖြစ်ရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတွေမရှိဘဲ ကျောင်းဖွင့်တဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

RFA ကပြုစုထားတဲ့စာရင်းတွေအရ အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက် အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၅ ဦး သေဆုံးခဲ့ပြီး ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေမှာ ကလေး ၁၅ ဦးနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေး ၄၇ ဦး ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။