မကွေးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းတွေ ဖိနှိပ်ခံနေရ

RFA Burmese
2024.07.04
မကွေးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းတွေ ဖိနှိပ်ခံနေရ မကွေးမြို့ ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။
Citizen Photo

မန္တလေး အိုးဘိုထောင်ကနေ မကွေးထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာ ပိုင်တွေရဲ့ ဖိနှိပ်မှုကို ဆက်တိုက်ကြုံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင်လ ၄ ရက်နေ့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အိုးဘိုထောင်ကနေ နိုင်ငံရေးအကျည်းသားတွေအပါအဝင် အကျဉ်းသား ၇၀ ကျော် ကို လူအရေအတွက် လျှော့ချတဲ့အနေနဲ့ မကွေးထောင်နဲ့ မြင်းခြံထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။

မကွေးထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တာနဲ့ တိုက်ပိတ်တာတွေ လုပ်ဆောင်နေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မကြီးမှာ ခေါ်ပြီး မေးမြန်းဖို့ရှိတယ်။ မိန့်ခွန်းပြောမဲ့ ပုံစံမျိုးနဲ့ ဩဝါဒ ခြွေမယ်ဆိုပြီး ခေါ်ဆိုခဲ့တယ်။ သူတို့ပြောနေတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေက ခေါင်းငုံ့ထားရတာပေါ့။ သူတို့က မော့မကြည့်ခိုင်းဘဲ ကြည့်ခွင့်မရှိဘူးပေါ့။ အဲလိုအချိန်မှာ နိုင်ငံရေးအကျဉ်းသား တချို့က ပြောနေတဲ့ သူကို ကြည့်လိုက်တာမျိုး မျက်လုံးချင်း ဆုံအောင် ကြည့်မိတဲ့သူတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲ ရိုက်နှက်မှုတွေ ပြုလုပ်ခြင်းကို ခံရတယ်။ တစ်ကြိမ်တည်းမဟုတ်ဘဲ နေ့စဉ်ရက်ဆက်ကို ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်"

ဒါ့အပြင် နိုင်ငံရေး ပုဒ်မနဲ့ နှစ်ရှည်ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျည်းသား ၁၀ ဦးခန့်လည်း တိုက်ပိတ်ခံထားရ တယ်လို့ဆိုပါတယ်။ ရိုက်နှက်ဖိနှိပ်မှုတွေကို အကျဉ်းဦးစီးမှူး ဦးမင်းလွင်ဦးနဲ့ ဝန်ထမ်း ဦးဌေးဝင်းလှိုင် တို့က အဓိက လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၂၄ ခုနှစ်အတွင်း ထောင်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာတွေ ခပ်စိပ်စပ် လုပ်ဆောင်နေပြီး ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေလည်း ပိုဆိုးလာ တယ်လို့ PPNM က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။