မင်းဘူး-စကုတဝိုက် ပေါက်ကွဲ သံကြောင့် ဒေသခံတွေ စိုးရိမ်

မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်း စတဲ့ မြို့နယ်တချို့မှာ နှစ်ရက်ဆက် တိုက် ပေါက်ကွဲသံ ၄ ကြိမ်လောက် ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဘူးမြို့အဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ် ဓါတ်ပုံ - နေမိုးငယ်

မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်းစတဲ့ မြို့နယ်တချို့မှာ နှစ်ရက်ဆက်တိုက် ပေါက်ကွဲသံ ၄ ကြိမ်လောက် ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ပေါက်ကွဲသံကြားရချိန်မှာ မြေကြီးတွေပါ တုန်ခါနေတယ်လို့ ရေနံချောင်းမြို့မှာနေထိုင်တဲ့ ဒေသခံ ဦးမြင့်ငွေ က ပြောပါတယ်။

"ပေါက်ကွဲသံ တော်တော်ကျယ်ကျယ် အသံကြားရတယ်၊ ရင်ဘတ်ထဲအထိ ရောက်သွားတယ်လို့ ခံစားရတယ်၊ မြေကြီးတွေ၊ အဆောက်အဦတွေပါ တုန်ခါနေတယ် အဲလိုမျိုးကြီးဗျ၊ ဒီနေ့ကတော့ တစ်ကြိမ်ပဲကြားရတယ်၊ မနေ့ကတုန်းကတော့ ၃ ကြိမ်ကြားရတယ်ဗျ၊ ဒီနေ့ကျတော့ အသံလည်း ကြားရော လူတွေအများကြီးပဲ ဝိုင်းကြည့်နေကြတဲ့အခါကျတော့ ကောင်းကင်မှာပေါ့ဗျာ၊ ဂျက်လေ ယာဉ်တွေပျံတဲ့အခါမှာ အဖြူတန်းကြီးပေါ့ မီးခိုးတန်းကြီးဖြစ်သလိုမျိုး အဲလိုမျိုးတွေ့ရတယ်ဗျ၊ မြို့ကလူတွေ တော်တော်များများ ကြောက်နေကြတယ်ဗျ၊ ဘာသံမှန်းမသိ၊ ပေါက်ကွဲသံလား မသိပေါ့နော်။"

အလားတူ ပေါက်ကွဲသံကို မင်းဘူး၊ စကု နဲ့ မကွေးဘက်တွေမှာလည်း ကြားနေရပြီး အကြောင်းအရင်းကို တပ်မတော်ကိုပဲ မေးမြန်းသင့်ကြောင်း မင်းဘူး-စကု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ပြောပါတယ်။

"ဒီနေ့လည်းကြားတယ်ပေါ့နော်၊ ဒီဟာတော့ တပ်ကိုမေးလိုက်ရင်ကောင်းမယ်ဗျ၊ ကျွန်တော်တို့ ကျတော့ မသိနိုင်ဘူး ဒါမျိုးကျတော့လေ၊ အပေါ်ဘက်ကဖြစ်ဖို့များတယ်၊ လေကြောင်းလမ်းဘက်ကလေ၊ စကုဘက်ကလည်း ကြားရတတာပဲ၊ မင်းဘူးဘက်ကလည်း ကြားရတယ်၊ မကွေးဘက်ကလည်း ကြားရတယ်။"


အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထံ RFA က ဆက်သွယ်မေးမြန်းရာ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဒီလိုပေါက်ကွဲသံကြားရတာဟာ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက လေ့ကျင့်စမ်းသပ်တာမျိုး ဖြစ်နိုင် တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း ဒေသခံတွေကို အသိမပေးဘဲ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှာရှိတဲ့ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ခဲ့ကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org