မြိုင်က စစ်ကောင်စီပိုင် ရေနံမြေ အစောင့်စခန်းကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

RFA Burmese
2023.03.10
မြိုင်က စစ်ကောင်စီပိုင် ရေနံမြေ အစောင့်စခန်းကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ တွေ့ရစဉ်။
ကျားသစ်နက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က လုပ်ကိုင်တဲ့ Well Two ရေနံမြေကို လုံခြုံရေးယူထားပေးတဲ့ စစ်တပ်အထိုင်ချ စခန်းကို PDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီ အခြေစိုက်စခန်းမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပျူးပေါင်းအဖွဲ့ဝင် အင်အား ၄၀ လောက်ရှိပြီး PDF တပ်ဖွဲ့တွေက စခန်းအတွင်းပိုင်းအထိ စီးနင်းတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြိုင်အနောက်ပိုင်းဇုံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုမိုက်တီးက ပြောပါတယ်။

"Well Two ကို ဝိုင်းပစ်ကြတာပါဗျာ။ အောင်မြင်မှုက နည်းနည်းပါးပါးလောက်ပဲ မီးရှို့နိုင်လောက်တဲ့ အနေအထားရောက်ခဲ့တယ်။ အတိုင်းအတာ တစ်ခုထိ လုပ်နိုင်တော့မယ့် အနေအထားတစ်ခုမှာ လေယာဉ်ကရောက်လာတော့ အကုန်လုံး နောက်ပြန်ဆုတ်ခဲ့ရတာပေါ့”

စစ်ကောင်စီတပ်စခန်းရဲ့ အပြင်ဘက် ဂိတ်တဲတွေကို မီးရှို့ခဲ့ပြီး စခန်းအတွင်းပိုင်းအထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာ လေကြောင်းကနေ စက်သေနတ် အကြီးစားနဲ့ အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တာလို့ သူက ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ငါးဦးခန့် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး PDF တွေဘက်ကတော့ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

Well Two ရေနံမြေမှာ ရေနံကျင်းပေါင်း ရာနဲ့ချီရှိနေပြီး တစ်နေ့ကို ပီပါပေါင်း တစ်ရာခန့် အထိထွက်တဲ့ တွင်းအများအပြားလည်းရှိတဲ့အတွက် ရေနံအထွက်ကောင်းနေရာလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီနေရာကို စစ်ကောင်စီထိန်းချုပ်ဖို့ စစ်ကြောင်းတွေ မကြာခဏထိုးနေသလို PDF အဖွဲ့တွေဘက်ကလည်း နယ်မြေစိုးမိုးဖို့ သူတို့ရဲ့ အထိုင်စခန်းကို အခုလို ဝင်ရောက် တိုက်ခိုက်ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မကွေးတိုင်းအတွင်းက မြိုင်၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါနဲ့ ဆောမြို့နယ် တွေကို ဖေဖော်ဝါရီလ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အရင်ကထက် စစ်ကြောင်းထိုးလာတာတွေကြောင့် တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။