မကွေးတိုင်း ရေနံတွင်းတိမ် လုပ်ငန်းမှ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၁၄ဝဝ ကျော်ရ
2017.04.28

မကွေးတိုင်းဒေသကြီး လက်ယက်ရေနံတွင်းတိမ်လုပ်ငန်းမှ ၁ဝ လတာကာလအတွင်း တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄ဝဝ ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက် တာ အောင်မိုးညိုက ပြောပါတယ်။
“မကွေးတိုင်းမှာက ရေနံချက်ဖိုမရှိတဲ့အတွက် စစ်ကိုင်းတိုင်း၊ မုံရွာတို့ မန္တလေးတို့မှာ သွားရောင်းရပြီး အဲဒီအတွက် သယ်ယူခွင့် မျောစာထုတ်ပေးရတဲ့အခါမှာ ရေနံတစ်ပီပါကို ကျပ်သုံးထောင်နှုန်းနဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လ (၂) ရက်နေ့ကစပြီး ကောက်ခံခဲ့တာ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၁ဝ လအ တွင်း ကောက်ခံရ ရှိငွေ ကျပ် သန်းပေါင်း ၁၄ဝဝ ကျော် ရှိပါတယ်” လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကောက်ခံဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်ပင်ညှိနှိုင်းပြီး ဥပဒေချုပ်ထံမှ ဥပဒေကြောင်း ခွင့်ပြုချက်ယူခဲ့ပါတယ်။
ဒေသတွင်း ရေနံလက်ယက်တွင်းတွေကနေ ရေနံစိမ်း ၅ဝ ဂါလံဝင် ၁ စည်ကို ကျပ် ၃ဝဝဝ နှုန်းကောက်ခံလာရာ ၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ၂ဝ၁၇ ခု မတ်လ ၃၁ ရက်နေ့အထိ ရေနံစိမ်း ၄၇၃,၁၈၅ စည်အတွက် ကောက်ခံ ရရှိငွေ ကျပ်သန်းပေါင်း ၁၄ဝဝ ကျော်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ရေနံစိမ်း အများဆုံးထွက်ရှိသောနေရာများမှာ အထက်မင်းလှမြို့နယ် ထန်းကိုင်း၊ ဒဟတ်ပင်၊ရေနံမ ၊ငနောင်မုန်းမှော်တို့ဖြစ်ပြီး၊ သရက်မြို့နယ်မှာ ပိတောက်ပင်၊ ငါးခူအိုင်၊ ငါးဘတ်ကျ၊ မြိုင်မြို့နယ် ဆူးဝင်း၊ ဝယ်တောင်၊ သပြေညို ရေနံမှော်တို့ဖြစ်ကြတယ်။
ဒေသတွင်းရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ခံခြင်းကို အရင် အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့ရာမှာ အဲဒီရန်ပုံငွေများအနက် ကျပ်(၇)ဘီလီယံကျော် ပျောက်ဆုံးနေလို့ ယခုတိုင်းဒေသကြီး အစိုးရလက်ထက်မှာ စိစစ်ဖော်ထုတ်နေဆဲဖြစ်သည်။