သိမ်းဆည်းမြေဧက ၂၆၀၀ ကျော်ကို တောင်သူတွေထံ ပြန်ပေးမည်


2017.09.09
magway-land-622 မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်ထားတဲ့ မြေယာတချို့ကို တွေ့ရစဉ်
Photo: RFA

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူပြီး ပညာရေးဝန်ကြီး ဌာနထံ လွဲှပြောင်းပေးထားတဲ့ မြေဧက ၂၆၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူတွေထံ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပေးအပ်သွားမယ်လို့ တိုင်းမြေစာရင်းဦးစီးဌာနကနေ သိရပါတယ်။

အဲဒီမြေတွေနဲ့ပတ်သက်ပြီး အထောက်အထားတွေ စိစစ်ပြီး မူလပိုင်ရှင်တွေလက်ထဲကို ပြန်ပေးမှာဖြစ်တယ်လို့ တိုင်းမြေစာရင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

"မူလတောင်သူတွေကိုပဲ ပြန်ပေးမှာပါ။ သူတို့ရဲ့ မိသားစု မှန်ကန်ကြောင်းဘာညာကတော့ သူတို့မှာ အထောက်ထားတွေရှိမလား၊ သူတို့ရဲ့ မိသားစုထဲမှာ ခိုင်လုံတဲ့ အထောက်ထားပြနိုင်တယ်ဆိုရင်တော့ သူတို့ပဲ ရမှာပေါ့။ သိမ်းတုန်းက နာမည်တွေနဲ့ လူတွေလည်း တချို့ပါမှာပေါ့ကွယ်။ အခုလုပ်နေတဲ့ လူတွေလည်း ရှိမှာပေါ့နော်။ မူလပိုင်ရှင်တွေကိုပဲ ပြန်ပေးမှာပါ"

ပြန်လည်ပေးအပ်မယ့်မြေတွေထဲမှာ လယ်ယာမြေဧက ၈၇၀ ကျော်နဲ့ အခြားမြေ ၁၇၀၀ ကျော် ပါဝင်ပြီး မူလပိုင်ရှင်တောင်သူ ၃၀၀ ကျော်ထံ ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။

မြိုင်မြို့နယ်၊ ကျေးရွာအုပ်စု ၄ ခုက ဧကပေါင်း ၃ ထောင်ကျော်ကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက သိမ်းဆည်းပြီး အဲဒီမြေတွေကို ပညာရေးဝန်ကြီးဌာနထံ ၂၀၁၀ ပြည့်နှစ်မှာ လွှဲပေးခဲ့တာလို့ သိရပါတယ်။

သိမ်းဆည်းထားတဲ့ မြေဧက ၃ ထောင်ကျော်ထဲက ပညာရေးဝန်ကြီးဌာနက အမှန်တကယ် အသုံးပြုမယ့် မြေဧက ၄၈၀ ကျော်ကို ဖယ်ထားပြီး ကျန်တဲ့ မြေဧက ၂၆၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်မှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ မြိုင်မြို့နယ်၊ နံ့သာမြိုင်ခန်းမမှာ သိမ်းဆည်းလယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးအပ်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။