မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်း ဖမ်းဆီးခံရ

2021.08.13
မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်း ဖမ်းဆီးခံရ မကွေးတိုင်း ပေါက်မြို့နယ်က ရွာတစ်ရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နှင့် CRPH ထောက်ခံရေး လှုပ်ရှားမှုကို ၂၀၂၁၊ ဧပြီ ၂ရက်နေ့က ပြုလုပ်စဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်နေ့ညက ခေတ္တရှောင်တိမ်းနေတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဘူတာရပ်ကွက်နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေါ်မြင့်စန်း နဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

စဖမ်းသွားချိန်မှာ ဒေါ်မြင့်စန်း နဲ့အတူ ညီမဖြစ်သူ ဒေါ်နီနီမြ ကိုပါ ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၁၂ ရက်နေ့ မနက်မှာတော့ ဒေါ်နီနီမြ ကို ပြန်လွှတ်ပေးပြီး အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးမြင့်လှိုင်ကို ၀ရမ်းထုတ်ခံထားသူ လက်ခံမှုနဲ့ ထပ်မံဖမ်းသွားတယ်လို့ ပြောပါတယ်။

ဒေါ်မြင့်စန်းနဲ့ ဦးမြင့်လှိုင် ကို ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ နတ်တလင်း ရဲစခန်းကနေ ပခုက္ကူမြို့မ ရဲစခန်းကို ရွှေ့ပြောင်းခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ပခုက္ကူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ နီးစပ်သူက ပြောပါတယ်။

ပေါက်မြို့နယ် အမှတ် (၂ ) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်းဟာ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) အဖွဲ့ဝင် ၁၅ ယောက်ရှိတဲ့အထဲက တစ်ယောက် ဖြစ်ပြီး စစ်တပ်ကို အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ဖမ်းဝရမ်း ထုတ်ခံထားရတာ ဖြစ်ပါတယ်။

ဒေါ်မြင့်စန်းဟာ အငြိမ်းစား ဆရာမတစ်ယောက်ဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင် ရထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။