မဲဆောက်မြို့နယ်စပ် ကုန်သွယ်ရေး ပုံမှန်အတိုင်း လည်ပတ်
2015.12.27

ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးက မြန်မာလူငယ်နှစ်ယောက်ပေါ် ချမှတ်လိုက်တဲ့ အမိန့်ကို မကျေနပ်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံသား အနည်းငယ်အုပ်စု ဖွဲ့ဆန္ဒပြပေမဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးက မနေ့ကပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်လို့ ဗန်ကောက်ပို့စ် သတင်းစာက ရေးသားလိုက် ပါတယ်။
ကော့တောင်းကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်နှစ်ယောက် အသတ်ခံရမှုအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ကို သေဒဏ်မိန့်ချမှတ်လိုက်တဲ့အတွက် မြန်မာ ၂ဝ လောက် မြဝတီနယ်စပ်မြို့မှာ နေ့လယ်ပိုင်းလောက်က ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြကြပါတယ်။
မြို့တွင်းမှာ ချီတက်လမ်းလျှောက်ပြီး ဘုရားဘက်ကို ဆုတောင်းဝတ်ပြုဖို့ ဆက်သွားကြ တယ်လို့ သိရပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးက နှစ်နိုင်ငံဆက်သွယ်တဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှာရှိတဲ့ မဲဆောက်အကောက်ခွန် စခန်းကို စစ်ဆေးပါတယ်။ သူက မြဝတီမြို့က အေးအေးချမ်းချမ်းရှိပုံရပြီး မဲဆောက်ခရိုင် စီးပွားရေးလုပ်ငန်းနဲ့ ကုန်သွယ်ရေးက ပုံမှန်အတိုင်းရှိရုံမက နယ်စပ်ဖြတ်ကျော်တဲ့ ကုန်ကားတွေလည်း အသွားအလာမပျက်ဘူးလို့ ပြော ပါတယ်။