မတ္တရာမှာ လေဖြတ်နေသူတစ်ဦး အသတ်ခံရပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2023.10.21

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကရွာတွေကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ သင်္ဘောတွေပေါ်ကနေ အစုန်၊ အဆန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဖန်းဒေါင့်၊ ရွှေဘိုးကြီး၊ ထန်းခြောက်ပင်၊ ရှင်လှ (တောင်၊ မြောက်)၊ ဟင်္သာရွာသစ်၊ ဟင်္သာကုန်း စတဲ့ရွာတွေနဲ့ အနီးအနားရွာတချို့က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၉ ရက်ညနေပိုင်းကလည်း မတ္တရာမြို့နယ်၊ ရှင်လှမြောက်ရွာကို စစ်ကောင်စီတပ်သား အင်အားရှယ်ဆယ်ခန့်ပါ စစ်ကြောင်း ဝင်ရောက်စီးနင်းပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ ဒေသခံတစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရတဲ့သူဟာ အသက် ၅၀ အရွယ် ဦးဇေယျဖြစ်ပြီး လေဖြတ်ဝေဒနာကြောင့် ထွက်မပြေးနိုင်တာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီကောင်တွေ ရွာထဲမဝင်ခင် ဟင်္သာရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်ကြသေးတယ်။ ဖြစ်ပြီး ညနေလေးနာရီကျတော့ ရွာထဲဝင်မွှေပြီး လေဖြတ်နေလို့ ထွက်မပြေးနိုင်တဲ့ ဦးဇေယျကို လည်လှီးသတ်ထားခဲ့တာ။ ပြည်သူတွေကို မဆိုင်ဘဲသတ်သွားခဲ့တာ။ ကမ်းတစ်လျှောက် မှာလည်း စက်လှေ၊ သင်္ဘောတွေနဲ့ပစ်နေလို့ အကုန်ထွက်ပြေးနေရတယ်"
အောက်တိုဘာလ ၁၉ ရက် မနက် ၈ နာရီခွဲမှာ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်က ကြက်တူရွေးနဲ့ သဲအင်းရွာနားမှာ အဲဒီစစ်ကြောင်းနဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ညနေပိုင်းမှာ ကြက်တူးရွေး၊ သဲအင်းကိုမီးရှို့ပြီး ပြန်လာတဲ့ကောင်တွေက မန္တလေး ဘက်ကနေ မြစ်ကြောင်းကနေ စပိဘုတ်တွေနဲ့တက်လာပြီးတော့ မြစ်ကြောင်း ရှင်းလင်းရေး လုပ်တာပေါ့။ မြစ်တစ်လျှောက်ရွာတွေကို ပစ်သွားပြီး လမ်းကြောင်း ရှင်းတာပေါ့။ ကျွန်တော်တို့က ၁၁ နာရီလောက်မှာ သဖန်းဒေါင့်က ပစ်လိုက်တာ ဆိုတော့။ လမ်းတစ်လျှောက်လည်း ကျွန်တော်တို့လိုက်ပစ်၊ ဒရုန်းချနေတာဆိုတော့ စက်တွေပျက်ပြီး ကမ်းကပ်ရာကနေ ရှင်လှနဲ့ ဟင်္သာရွာသစ်ကြားမှာ ထိတွေ့ထပ်ဖြစ်၊ ဖြစ်ပြီး ရှင်လှမြောက်ရွာကို ဝင်မွှေပြီး ပြည်သူတစ်ဦးကို သတ်သွားတာ"
အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း ပစ်ခတ်သံတွေ မကြားရတော့ပေမယ့် အောက်တိုဘာလ ၂၀ ရက်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အစုံ၊ အဆန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း လေးထောင်ကျော် (၄၁၅၂ ဦး) ရှိခဲ့ပြီဖြစ်ပါတယ်။
နောက်ထပ်အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ငါးရာဝန်းကျင် စာရင်းကိုလည်း သီးခြား ပြုစုထားတယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။