မတ္တရာမြို့နယ် ရှမ်းမြောင်းရွာမှာ ဒေသခံခြောက်ဦး ပစ်သတ်ခံရ

RFA Burmese
2023.12.31
မတ္တရာမြို့နယ် ရှမ်းမြောင်းရွာမှာ ဒေသခံခြောက်ဦး ပစ်သတ်ခံရ မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာကို တွေ့ရစဥ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာက ဒေသခံ ခြောက်ဦးကို ဒီဇင်ဘာလ ၃၀ ရက်မနေ့ည ဆယ်နာရီခန့်မှာ စစ်ကောင်စီ တပ်သားတွေ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့ညပိုင်း မတ္တရာမြို့ကနေ ရှမ်းမြောင်းရွာဘက်ကို ကားနဲ့ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကျောက်မှုန့်စက်ရုံပိုင်ရှင်ရဲ့ မိခင်ဖြစ်သူနဲ့ အလုပ်သမား ငါးဦးကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေကို မတ္တရာမြို့နယ် မန္တလေး - မိုးကုတ် ကားလမ်းဘေးနဲ့ ရှမ်းမြောင်းရွာနားက ရေမြောင်းဘေးမှာ ပစ်ထားခဲ့တယ်လို့ မတ္တရာမြို့နယ် အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းတာဝန်ခံက RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) က ရှမ်းမြောင်းဘက်ကို ဆင်းလာပြီးတော့ ဘာမှမသက်ဆိုင်တဲ့ ကျောက်မှုန့်စက်ရုံက ပိုင်ရှင်ရဲ့အမေနဲ့ အလုပ်သမား ငါးယောက်ကို ဒီအတိုင်း အလဟဿ ပစ်သွားတယ်။ ပြီးတော့ အဲဒီအလောင်းတွေကို မတ္တရာမြို့နယ်အတွင်းမှာ ရှိတဲ့ မန္တလေး - မိုးကုတ် ကားလမ်းဘေး ပတ်ဝန်းကျင်မှာ နှစ်လောင်း၊ နှစ်လောင်းစီ ထားခဲ့တာမျိုး၊ ပြီးတော့ ရှမ်းမြောင်းကျေးရွာနားက မြောင်းဘေးမှာ နှစ်လောင်းပေါ့။ စုစုပေါင်း ခြောက်လောင်း။ ကျွန်တော်တို့ အဲဒီလိုပဲ သိရသေးတယ်ဗျ။ ဒီနေ့မနက် အစောပိုင်း ခုနစ်နာရီလောက်မှာ ဒီကောင် (စစ်ကောင်စီ) တွေက မတ္တရာကနေ ထွက်လာပြီးတော့ အလောင်းတွေကို အကုန်လုံး လာသယ်သွားတယ်လို့လည်း ကြားတယ်ဗျ”

သေဆုံးသူတွေရဲ့ အသက်နဲ့ အမည် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေကလည်း မနေ့က ညပိုင်းမှာ ရှမ်းမြောင်းရွာဘက်ကနေ သေနတ်သံ ခုနစ်ချက်လောက် ကြားလိုက်ရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးက သတင်းတွေ ဖော်ပြပေးနေတဲ့ Wetlet Informational Network ကလည်း မနေ့ညပိုင်းမှာ မတ္တရာမြို့ကနေ ကားလေးစီး၊ ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ရှမ်းမြောင်းရွာက ပြည်သူ ခြောက်ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းတွေကို ဒီနေ့ မနက်မှာ လာသယ်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄,၂၇၃ ဦးရှိခဲ့ပြီး အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ခုနစ်ရာဝန်းကျင် ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။