မတ္တရာအတွင်း ရွာလေးရွာ မီးရှို့ဖျက်ဆီးခံရ
2024.04.27

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဧပြီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာ လေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေစာရင်းစုစုပေါင်းကိုတော့ အတိအကျမသိရသေးဘူးလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကိုပြောပါတယ်။
"ဒီမနက် ၉ နာရီလောက်ကပေါ့ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာကနေ ကျွန်တော်တို့ မတ္တရာနယ်ထဲကို ကူးလာတဲ့ စကစ အင်အားနှစ်ရာဝန်းကျင်ခန့်ဟာ မတ္တရာမြို့နယ်ထဲ ဝင်ရောက်လာတာမျိုးရှိတယ်၊ ဝင်လာပြီး စကစတွေက ကျွန်တော်တို့ မတ္တမြို့နယ်အနောက်ခြမ်း မန္တလေးဘက်ခြမ်း ပြန်ဆုတ်နေရင်းနဲ့ ကြားထဲမှာရှိတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်၊ အိမ်ခြေဘယ်လောက်များ ပါသွားတယ်ဆိုတာ အတည်ပြုလို့မရသေးဘူး၊ စကစကလည်း အဲနားဝန်းကျင်ရှိနေသေးတာကြောင့်"
ရွာသစ်၊ ရှင်လှ၊ ထန်းခြောက်ပင်နဲ့ ဟင်္သာကုန်း စတဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေတာဖြစ်ပြီး ဟင်္သာကုန်းကျေးရွာမှာတော့ နေအိမ် (၁၂၀) မီးလောင်ပျက်စီးခဲ့ပြီး ကျန်ကျေးရွာတွေမှာတော့ နေအိမ်ဘယ်လောက် မီးလောင်ပျက်စီးတယ်ဆိုတာ မသိရသေးပါဘူး။ ဒီစစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်တဲ့ တပ်ရင်းတွေကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဧပြီလ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး မြို့ပေါ် အမှတ် ၅ ရပ်ကွက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ရှိနေစဉ် ပစ်ခတ်သတ်ဖြတ် ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် စီးနင်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဧပြီလ ၁၅ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။