မန္တလေးမြို့မှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေ ရှိလာ
ဧပြီလနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေမှာ အမြင့်ဆုံး အပူချိန်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
-
RFA Burmese
2024-04-28 -
-
-
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနဲ့ အောက်ကမ်းနားလမ်းထောင့်မှာနေထိုင်တဲ့ အသက် ၃၆ နှစ် အရွယ် အမျိုးသားတစ်ဦး ဧပြီလ ၂၇ ရက်နေ့ညပိုင်းက အပူလျှပ်မှု (Heatstroke) ကြောင့် သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။
သေဆုံးခဲ့သူဟာ ကိုမန်းမွန်မောင်ဆိုသူဖြစ်ပြီး ဆေးခန်းကို ပို့ခဲ့ပေမယ့် အချိန်မမီဘဲ သေဆုံးသွားတာလို့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။
"ပူတာကလည်း တော်တော်ပူတာ။ သူက သင်္ကြန်ပြီးကတည်းက သိပ်နေမကောင်းဘူး။ သူ့ကို ဆေးခန်းပို့မလို့ လုပ်ထားတာ။ သူက အိမ်ပေါ်တက်အိပ်နေတာ။ ရေပတ်လည်း တိုက်ကြည့်သေးတာ။ ညပိုင်းကျ ဆေးခန်းပို့လိုက်တာ။ ဆရာဝန်ရဲ့ နောက်ဆုံးမှတ်ချက်ကတော့ အသက်မရှိတော့ဘူးပေါ့"
ဒီအပေါ် ကူညီပေးခဲ့တဲ့ နိဗ္ဗာန်သုခအသင်း တာဝန်ရှိသူတစ်ဦးကလည်း Heatstroke လူနာအမျိုးသားတစ်ဦးကို ကယ်ဆယ်ကူညီခဲ့ပေမယ့် ဆေးခန်းမှာ သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ မန္တလေးမှာ အမြင့်ဆုံး နေ့အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။
ဧပြီလနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေမှာ အမြင့်ဆုံး အပူချိန်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
ဧပြီလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ စျေးချိုမှာ စျေးဝယ်နေတဲ့အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် မူးလဲသွားလို့ ဆေးရုံပို့တဲ့အချိန်မှာပဲ သေဆုံးခဲ့တယ်လို့ မဏီစလလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ကလည်း သုံးဘီးမောင်းတဲ့အမျိုးသားတစ်ဦး မန္တလေးမြို့သစ်ဘက်မှာ လဲကျ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဏီစလ လူမှုကူညီရေးအသင်းတစ်ခုတည်းကပဲ ဧပြီလအတွင်းမှာ Heatstroke လူနာဆယ်ဦးခန့် မန္တလေး ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ရပြီး အဲဒီထဲကတစ်ဝက်ခန့် သေဆုံးခဲ့တယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
ပူနွေးခြောက်သွေ့တဲ့ အယ်လ်နီညို (El Nino) ရာသီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်ကြုံခဲ့ရတဲ့ နေ့အပူချိန်တွေထက် ဒီနှစ်ပိုပူလာပြီး ရန်ကုန်မြို့အပါအ၀င် မြို့ကြီးတွေမှာ ပန်းခြံတွေအတွင်း အပူရှောင်သူတွေ၊ စျေးဝယ်စင်တာတွေမှာ အပူရှောင်သူတွေ များနေပါတယ်။