ICJ အမှု အမျိုးသားရေးလှုပ်ရှားသူတွေ ကန့်ကွက်

အောင်သိင်္ခ
2019.11.25
protest-against-icj-622 ICJ ရဲ့ တရားစွဲဆိုမှုကို ရှုတ်ချကြောင်းနဲ့ OIC ကို ကန့်ကွက်ရှုတ်ချကြောင်း ၂၀၁၉၊ နိုဝင်ဘာ ၂၅ ရက်နေ့က အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ကြစဥ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပေါ်  မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် သဘောတူ ညီချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ သမ္မတနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ ဆူးလေမှာ ICJ ရဲ့ တရားစွဲဆိုမှုကို ရှုတ်ချကြောင်းနဲ့ OIC ကို ကန့်ကွက်ရှုတ်ချကြောင်း လူ ၃၀ ကျော်လောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ကန့်ကွက်ဆန္ဒပြပွဲကို မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဦးဆောင်ပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၃၀ လောက် ပါဝင်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံအပေါ် မြန်မာနိုင်ငံက တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖြေရှင်းမှာ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီနောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ထောက်ခံပွဲတွေ ပြုလုပ်ဖို့အဖက်ဖက်က ကူညီပေးသွားမယ့်အကြောင်း ပြောထားပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဖြစ်တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ICJ တရားစွဲပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ စည်းလုံးမှုရှိလာတဲ့ အခြေအနေတွေ ရှိတယ်လို့ မိန့်ကြားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က ရဲစခန်း ၃၀ ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှု ရှိခဲ့ကြောင်း မိန့်ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ ပြန်လည် တိုက်ခိုက်တာဟာ ရိုဟင်ဂျာတွေ တိုက်ခိုက်တာမဟုတ်ဘဲ ARSA အကြမ်းဖက် အဖွဲ့ကိုသာ တိုက်ခိုက်တာဖြစ်ကြောင်း မိန့်ပါတယ်။

ဒီနေ့ ရှုတ်ချပွဲကို ဦးဆောင်ပြီး ဟောပြောခဲ့တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုနောင်တော်လေး က လက်ရှိ ICJ ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြားထဲ အမုန်းတရားတွေ ကိန်းအောင်းနေကြတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ဂုဏ်သိက္ခာကျဆင်းအောင် OIC အနေနဲ့ အခုလိုတရားစွဲဆို လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်တဲ့အတွက် ဟိန္ဒူ ဘာသာဝင်တွေအပြင် ရခိုင်၊ မြို၊ သက် စတဲ့ တိုင်းရင်းသားတွေလည်း သေဆုံးခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်တွေ သေဆုံးခဲ့ရကြောင်း ဒါတွေကိုလည်း ကုလသမဂ္ဂအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ နိုင်ငံကတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်သွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ကျင်းပနေတာ တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက - "ဒေါ်စုကို ထောက်ခံတာက ပြဿနာမရှိဘူး၊ ဒါပေမယ့် ဒေါ်စုက စစ်တပ်ကို ဘယ်လိုကာကွယ်ပြီး အမှုကို ခုခံမလဲဆိုတာပဲ။ ကျွန်တော်တို့က နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်တာက ဂျီနိုဆိုက်ဖြစ်တာ စစ်တပ်ကို လူထုက ထောက်ခံတယ်ဆိုတာ ပေါက်သွားရင် နိုင်ငံတကာရဲ့ တံတွေးခွက်မှာ ပက်လက်မျောမှာ" လို့ ပြောပါတယ်။

ICJ အမှုကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။