မျိုးစောင့်ဥပဒေပြဌာန်းမှု ကျောက်ဖြူ မြို့က ထောက်ခံကြိုဆို


2015.10.25
mabatha-kyaukpyu-620.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲ ကျင်းပစဉ်
Photo:Kyaw Htoon Naing/RFA

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေက မျိုးစောင့် ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်တဲ့ အထိမ်းအမှတ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ မနေ့က ထောက်ခံကြိုဆိုပွဲ ကျင်းပကြပါတယ်။

မျိုးစောင့်ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့သူတွေရှိလာရင် တရားရုံးထံ တိုင်ကြားရမှာဖြစ်ပြီး အရေးယူတာ မရှိခဲ့ရင် မ.ဘ.သ အဖွဲ့က လိုက်လံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ရမ္မာဝတီဆရာတော် ဘဒ္ဒ န္တအကုၤရက မျိုးစောင့်ဥပဒေကြိုဆိုထောက်ခံပွဲမှာ မိန့်ပါတယ်။

"ဒီဥပဒေ ၄ ရပ်မှာ တစ်ခုခုကိုဖောက်ဖျက်မယ်ဆိုရင် နိုင်ငံတော်အစိုးရကို တိုင်လို့ရတယ်၊ ကျောက်ဖြူမှာဆိုလို့ ရှိရင် မြို့နယ်တရားရုံးကို တိုင်လို့ရတယ်၊ တိုင်တဲ့အခါမှာ လိုက်စားလို့ရှိတဲ့တရားသူကြီးတွေက မဆောင်ရွက်ပေးဘူးဆိုရင် ရဟန်းသံဃာများအဖွဲ့ လူအဖွဲ့က ပါဝင်ပြီးတော့ ဆောင်ရွက်ပေးရမယ်၊ နိုင်ငံအနှံ့ မှာလည်းပဲ ဒါတွေအကုန်လုံး ဆောင်ရွက်ထားပါတယ်၊ ကိုယ့်အမျိုးသမီးတစ်ယောက် ဘာသာခြားနဲ့ နှိပ်စက် ခံရပြီဆိုလို့ရှိရင် ကြားရာအရပ်က လိုက်ပြီးတော့ ဆောင်ရွက်ပေးရမှာ"

ကြိုဆိုပွဲမှာ ပါဝင်သူတွေဟာ ကျောက်ဖြူမြို့ သာသနာဗိမာန်ကနေ ဆရာတော် ဦးဥတ္တမပန်းခြံထိ ချီတက်ခဲ့ကြပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှာ ဆရာတော်တွေက မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာတာတွေနဲ့ ပတ်သက် ပြီး ဟောပြောခဲ့ကြပါတယ်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။

ကြိုဆိုပွဲကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေ၊ ကျောက်ဖြူမြို့ ဒေသခံတွေ နဲ့ ကျောက်ဖြူမြို့ ပညာရေးကောလိပ်က ကျောင်းသူ၊ ကျောင်းသားတွေ ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။