ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း မလွင်ချိုမြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရ
2024.04.26

စစ်ကိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း မလွင်ချိုမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတချို့နဲ့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း တရားရုံးတစ်ခုကနေ ဧပြီလ ၂၃ ရက်နေ့က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁-ဂ နဲ့ ထောင် ဆယ်နှစ်၊ ပုဒ်မ ၅၂-ဃ နဲ့ ထောင်ခုနစ်နှစ် ချမှတ်ခဲ့ပြီး မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မလွင်ချိုမြင့်ကို ထောင် ၁၇ နှစ် ချလိုက်တယ်။ အမေဖြစ်သူကိုလည်း အိုးဘိုထောင်မှာ ဖမ်းထားတယ်။ မိသားစုဘက်က ထောင်ဝင်စာတွေ့ဖို့တောင် လူမရှိပါဘူး။ သူတို့အမှုကိုလိုက်ပေးတဲ့ ရှေ့နေတွေလည်း အဖမ်းခံထားရတယ်။ ဒါက မတရားမှုလေ။ မတရားမှုကို သိသိကြီးနဲ့ ခံရတာခက်တယ်”
လျှပ်စစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသူဖြစ်တဲ့ မလွင်ချိုမြင့်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
မလွင်ချိုမြင့် ဖမ်းဆီးခံရပြီး တစ်လအကြာ မိခင်ဖြစ်သူ ဒေါ်ချိုနွယ်စန်း အပါအဝင် ဦးလေးနဲ့ အစ်ကိုတစ်ဝမ်းကွဲကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီလို မတရားဖမ်းဆီးတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်ကိုရှုတ်ချတယ်လို့ နိုင်ငံရေး အကျဥ်းသူများအဖွဲ့ (WOPP) တည်ထောင်သူ မဇူးဇူးမေယွန်း က RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၂၅ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းက လူနှစ်သောင်းကျော် (၂၀,၃၆၀ ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ကိုးထောင်နီးပါး (၈၉၃၈ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။