လူထုဒေါ်အမာ ရာပြည့်မွေးနေ့ အကြိုဂုဏ်ပြပွဲ မန္တလေးမှာ ကျင်းပ


2014.11.29
ludu-daw-amar-620.jpg သတင်းစာဆရာမကြီး လူထုဒေါ်အမာ ပုံ
Photo: anyarnwaytamarmyay.blogspot.com

သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့ အကြို ဂုဏ်ပြုပွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့ က တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ လူထုဒေါ်အမာရဲ့ တပည့်ရင်းတစ်ဦးဖြစ်ခဲ့သူ ဆရာမောင်သစ်လွင် (လူထု) က ဒေါ်အမာဟာ ရှားပါးတဲ့ ဆရာကောင်း တစ်ယောက်ဖြစ်တယ်လို့ ဂုဏ်ပြုပြောပါတယ်။

"လူထုဒေါ်အမာရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျနော်တို့နေခဲ့ရတယ်၊ မမေ့နိုင်စရာအကြောင်း ကတော့ သူရေးတဲ့စာတောင်မှပဲ တို့ိကိုတည်းဖြတ် ခိုင်းတာ၊ ဆရာသမား အဲ့ဒါမျိုးရှားတယ်ကွ၊ ဆရာက ဆရာလိုပဲနေမှာပေါ့၊ မောင်သစ်လွင် မင်း ကတည်းဖြတ်ရဲတယ်၊ ငါကတော့ စိတ်ရှိ သလောက် ရေးလိုက်တာပဲ၊ မင်းဘာသာမင်း တည်းဖြတ်ပြီးတော့ မင်းဘာသာမင်း ဖြတ်တောက် ပြီးတော့ အဲ့သလိုခွင့်ပေးတာ၊ အဲ့လိုဆရာမျိုး ဘယ်မှာရှိလို့လဲ၊ သိပ်ရှားတယ်နော်"

ဒီကနေ့အခမ်းနားကိုတော့ လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေနဲ့ အနုပညာသမားတွေ တက်ရောက်ခဲ့ပြီး ကဗျာဖတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မန္တလေးမြို့ ဂုန္တန်ရပ် အဖ ဦးထင်၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့ပါတယ်။

၁၉၃၉ ခုနှစ်မှာ သတင်းစာဆရာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပြီး ပြည်သူချစ်သော အနုပညာသည်များ၊ မန္တလေးသူ မန္တလေးသားများ၊ အမေ့ရှေးစကား စာအုပ်များ အပါအဝင် ဆောင်းပါး၊ ဘာသာပြန်နဲ့ စာအုပ်တော်တော်များများ ကို ရေးသားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ မှာ မန္တလေးမြို့နေအိမ်မှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။

လူထုဒေါ်အမာအကြောင်း ဒီကနေ့ အခမ်းအနား တက်ရောက်ခဲ့တဲ့ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။