လက်ပံတောင်းတောင်ဒေသခံတွေ အပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲ


2017.03.28
lpt-ygn-protest-620.jpg လက်ပံတောင်းမှာ မတ်လ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူ့အကျိုးစီပွားကာကွယ်ရေး ဖိုရမ်အဖွဲ့က ရန်ကုန်မြို့မှာ မတ်လ ၂၈ နေ့က ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ရပ်တန့်ပေး ဖို့နဲ့ မိုးကြိုးပြင်ရွာက ဒေသခံတွေ အကြမ်းဖက်နှိမ်နင်းခံရတာကို ကန့်ကွက်ကြောင်း ပြည်သူ့အကျိုးစီပွား ကာကွယ်ရေးဖိုရမ်ဆိုတဲ့အဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ ညနေပိုင်းမှာ ကမာရွတ်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်ကနေ လှည်းတန်းဈေးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က မိုးကြိုးပြင်ကျေးရွာက ဆန္ဒပြနေတဲ့ ဒေသခံတချို့ကို ရဲတပ်ဖွဲ့က ရာဘာကျည် ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကို မကျေနပ်တဲ့အတွက် ပြည်သူ့အကျိုးစီပွားကာကွယ်ရေး ဖိုရမ်ဆိုတဲ့အဖွဲ့မှာ ပါဝင်တဲ့ အလုပ်သမားနဲ့ ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ ၅၀ ခန့်က ဆန္ဒပြကြ တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလို တိုင်းပြည်ကို နစ်နာစေတဲ့ စီမံကိန်းတွေကို ရပ်တန့်ပေးဖို့၊ ဒေသခံတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ မလုပ်ဖို့ နဲ့ အကြမ်းဖက်ဖြိုခွဲမှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုကြပါတယ်။

အဲဒီဖိုရမ်မှာ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်အဖွဲ့၊ Generation Wave အဖွဲ့နဲ့အတူ လူငယ်အဖွဲ့တွေ ၅၀ ကျော်လောက် ပါဝင်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ကျောက်သယ်ယာဉ်တွေကို ပိတ်ဆို့တားဆီးဆန္ဒပြနေတဲ့ မိုးကြိုးပြင်ကျေးရွာက ဒေသခံတောင် သူတွေကို ပြီးခဲ့တဲ့ မတ်လ ၂၄ရက်နေ့က ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ဒေ သခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။