မိုးကြိုးပြင် ရွာသား ၅ဝ ကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်


2017.03.27
lpt-press-620.jpg ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ မတ်လ ၂၇ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: Hset Paing Toe/ RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာက ဒေသခံအယောက် ၅၀ ကို ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက် ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချိန်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှု၊ ခွင့်ပြုချက်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည် မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု စတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကျောက်သည်ယာဉ်တွေကို ပိတ်ဆို့တားဆီးနေတဲ့ မိုးကြိုးပြင်ရွာသား ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ ဒီနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဌေးဝင်း က ရွာသားတွေက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားအောင် ဖန်တီးခဲ့လို့ အမှုဖွင့်တာဖြစ် တယ်လို့ ပြောခဲ့ပါတယ်။

ပုသိမ်-မုံရွာ လမ်းပေါ်မှာ သွားလာနေတဲ့ ကြေးနီစီမံကိန်းကျောက်သယ်ယာဉ်တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ ခေါက်ရေပြည့်ဖို့အတွက် အရှိန်မြင့်မောင်းနှင်နေကြတာကြောင့် ကျွဲ နွားတွေနဲ့ လူထိခိုက်မှုတွေ ရှိတယ်ဆိုပြီး မိုးကြိုးပြင်ရွာသားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တားဆီးပိတ်ဆို့ ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီပစ်ခတ်ဖြိုခွင်းမှုကြောင့် ရွာသား ၁၀ ဦးနဲ့ ရဲတပ်ဖွဲ့ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုးပြင်ရွာသားတွေဘက်ကလည်း ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆားလင်းကြီးမြို့နယ် က ကျောက်ထုတ်စခန်းတွေနဲ့ ကျောက်ထုတ်ယာဉ်သွားလာမှု ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။