လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘောမတူကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ မုံရွာမြို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ်ဆိုရင် လက်ပံတောင်းတောင်ကြီး ပျက်စီးပျောက်ကွယ်သွားမှာဖြစ်သလို နေုာက်ဆက်တွဲအန္တရာယ်ဆိုးများ ကြုံတွေ့ရမှာဖြစ်တာကြောင့် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုတယ်လို့ဆိုပါတယ်။ ကော်မတီဝင် ဦးအံံ့မောင်က ခုလိုပြောပါတယ်။
"ကြေးနီစီမံကိန်း ဖျက်သိမ်းမှသာလျှင် (၁) လက်ပံတောင်းတောင်ကြီး တည်ရှိနိုင်မှာဖြစ်ပါတယ် (၂) လူတွေအတွက် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးတာတွေအမျိုးမျိုး ချင်းတွင်းမြစ်ကြီးထဲ အဆိပ်ရေတွေရောက်ပြီးတော့ ချင်းတွင်းမြစ်ကြီး ပျက်စီးမယ့်အန္တရာယ်၊ ဆက်လက်ပြီး ဧရာဝတီမြစ်အထိ ပျက်စီးသွားမယ့်အန္တရာယ်၊ မြစ်တလျှောက်မှာရှိတဲ့ မြို့ရွာတွေပျက်စီးမယ့် အန္တရာယ်တွေကို ဒီစီမံကိန်းမလုပ်မှ ဖျက်သိမ်းဖြစ်မှ ဖြစ်ပါတယ်လို့ ကျနော်တို့ထောက်ပြပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကို ကျနော်တို့တောင်းဆိုပါတယ်ဗျာ"
တဆက်တည်း အခုတောင်းဆိုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိင်ရေးအတွက် ဒေသနှင့် တိုင်းပြည်တပြည်လုံးက ပြည်သူတွေလက်တွဲပြီး အောင်ပွဲရတဲ့အထိ သတိကြီးကြီး ကြိုးပမ်းဆောင်ရွက်ဖို့ ပန်ကြားထားပါတယ်။
ဒီစီမံကိန်းကြောင့် သမိုင်းတရားခံ မည်သူမျှမဖြစ်ပါစေလိုကြောင်းလည်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက ဆုတောင်းပါတယ်လို့ ဖေါ်ပြထားပါတယ်။