စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံရ တဲ့ မြေယာတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံ ၁၀၀ လောက်က မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေးနီ သယ်တဲ့ယာဉ်တွေကို တားဆီးပြီး ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
သီးနှံလျော်ကြေးပေးဖို့အတွက် တာဝန်ရှိသူတွေ၊ ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေ လာရောက်ဖြေရှင်းပေး ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ မိုးကြိုးပြင်အလယ်ရွာက ကိုလပြည့် က ပြောပါတယ်။
"အခုဆိုရင် ဒေါ်ခင်ဝင်းကို ပစ်သတ်ပြီးကတည်းကပေါ့နော် ခြံစည်းရိုးခတ်ပြီး ၃ နှစ်လောက်ရှိပြီ သီးနှံလျော်ကြေးပေးတာလည်း မရှိဘူး။ အဲ့ဒီအတွက် သီးနှံလျော်ကြေးပေးဖို့ ကြေးကားတွေကို တားပြီး တကယ့် ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ လူကြီးတွေကို လာဖို့တောင်းဆိုတာပေါ့။ မဖြေရှင်းသေးဘဲ နဲ့ ကြေးတွေကို နင်းကန်ထုတ်နေတယ်။ တောင်တွေကို မိုင်းတွေနဲ့ တအုံးအုံးခွဲနေတယ်။ ဒေသခံတွေရဲ့ လူမှုဘဝတွေ၊ ဒေသခံတွေ ငတ်နေတာတွေ၊ အလုပ်ကိုင်ရှားပါးတာတွေ သူတို့က လာပြီးတော့ မဖြေရှင်းပေးသေးဘဲနဲ့ ဒီစီမံကိန်းကို ဆက်လုပ်နေလို့ ဒီကြေးကားတွေကို တားရတာ။ ပြေလည်အောင် မဖြေရှင်းသေးနိုင်ဘဲနဲ့ ဒီစီမံကိန်းကို ရပ်ဆိုင်းသွားဖို့အထိ တောင်းဆိုသွားပါမယ်။"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ အသိမ်းခံလိုက်ရတဲ့ ရွာတေထဲက ဆည်တဲ၊ မိုးကြိုးပြင်တောင်ရွာနဲ့ တုံရွာက ဒေသခံတွေက ဆားလင်းကြီး- ညောင်ပင်ကြီး ကားလမ်းမပေါ်မှာ ကြေးနီသယ်တဲ့ ယာဉ်တွေကို တားဆီးထားတာဖြစ်ပါတယ်။
ဒေသခံတွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လေ့လာစုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ အစားထိုးမြေ ဧက ၁၉၀၀ ကို ဖော်ထုတ်ပေးဖို့၊ မြေသိမ်းလျော်ကြေးမယူထားတဲ့ သိမ်းဆည်းခံမြေယာတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ၊ ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမရှိဘဲ လျော်ကြေးထုတ်ယူနေမှုကို လုံးဝရပ်ဆိုင်းဖို့နဲ့ လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။